High-Power ဖုန်းအတွက် မှန်ကန်တဲ့ USB-C cable ကို အလွယ်တကူရွေးနိုင်အောင် USB Implementers Forum (USB-IF) က ကြေညာချက်တစ်ခု ထုတ်လိုက်ပါတယ်။
USB-IF ဆိုတာ USB နည်းပညာ ဖွံ့ဖြိုးရေးနဲ့ ကူးပြောင်းရေးကို အထောက်အပံ့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒီကြေညာချက်မှာ USB-C အားသွင်းကြိုးသုံးသူတွေအတွက် ပါဝါဘယ်လောက် အထောက်အပံ့ပေးနိုင်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ Power Rating Logo တပ်ပေးရမယ်လို့ USB-IF က ထုတ်ပြန်လိုက်တာပါ။
Photo: 9to5Mac
ကြေညာချက်အရ 60W နဲ့ 240W ရတဲ့ USB Power Deliver 3.1 စံသစ်သုံး USB C cable တွေမှာ logo သစ်ပါလာမှာပါ။ ဒီလိုပါပဲ။ 20Gbps ဒါမှမဟုတ် 40Gbps speed ပေးတဲ့ USB4 cable တွေမှာလည်း Data Transfer speed နဲ့ Charging speed ဖော်ပြတဲ့ logo တွေ တပ်ဆင်လာရမှာ ဖြစ်ပါတယ်။ အခုလို ထောက်ခံချက်ပါ logo အစီအစဉ်သစ် (Certified USB Logo Program) ကို USB4 ၊ USB Type-C နဲ့ USB Power Delivery အချက်အလက်တွေပေါ် အခြေခံပြီး လုပ်ဆောင်လိုက်တာပါ။
USB-C cables တွေဟာ ပုံစံချင်း ဆင်ကြပေမယ့် ကိုယ့်ဖုန်းအတွက် မှန်ကန်တဲ့ ထုတ်ကုန်ဟုတ်မဟုတ်ဆိုတာကို အလွယ်တကူ သိဖို့ ခက်ပါတယ်။ USB-C အားသွင်းကြိုးတွေဟာ တစ်ခုနဲ့တစ်ခု မတူတဲ့ ပါဝါဖြန့်ဖြူးမှုနှုန်း ၊ ဒေတာပေးပို့မှုမြန်နှုန်း စတဲ့ စံအမျိုးမျိုးနဲ့လာတာပါ။ အခုလို အားသွင်းကြိုးတွေမှာ power rating logo တပ်ခြင်းအားဖြင့် သုံးစွဲသူတွေအနေနဲ့ ကိုယ့်ဖုန်းအတွက် ဘယ် charger ကြိုးကို သုံးရမလဲဆိုတာကို အလွယ်တကူ ရွေးချယ်နိုင်ပြီး ထုတ်ကုန်သက်တမ်းလည်း ပိုရေရှည်ခံနိုင်စေမယ်လို့ USB-IF ဥက္ကဌနဲ့ COO ဖြစ်သူ ဂျက်ဖ်ရေဗန်ခရက်ဖ်က ဆိုပါတယ်။
Photo: Engadget
USB4 Cables တွေရဲ့ logos သစ်ပေါ်မှာ အချက်အလက်လွှဲပြောင်းပေးပို့နှုန်း (Data Transfer Speed) ကို 20Gbps နဲ့ ပို့မှာလား 40Gbps နှုန်းနဲ့ transfer လုပ်မှာလားဆိုတာကို ရေးထားတဲ့အပြင် အားသွင်းနှုန်း charging speed support ပါ တစ်ခါတည်း ဖော်ပြထားမယ်လို့ ဆိုပါတယ်။ ဒီလို ပါဝါသတ်မှတ်ချက် Rating Logo တွေကို ထုတ်ကုန်ရဲ့ ဗူးတွေမှာ ၊ ပစ္စည်းပေါ်မှာ ၊ အားသွင်းကြိုး နဲ့ အားသွင်းတုံး Charger တွေမှာပါ မြင်လွယ်အောင် ဖော်ပြပေးရမယ်လို့လည်း Gizmochina သတင်းက ဆိုပါတယ်။
USB-IF ဘက်ကလည်း ဝယ်ယူသူတွေအနေနဲ့ ဒီလိုမျိုး ထောက်ခံချက်ပါ ထုတ်ကုန်တွေကို ယုံကြည်ရတဲ့ အရင်းအမြစ်တွေဆီကနေပဲ ဝယ်ကြဖို့ သတိပေးသွားဦးမှာပါ။ တစ်ခုရှိတာက အခုလို USB C အရည်အသွေးစံသတ်မှတ်ချက်ကို ရှောင်ဖို့ logo အတုအပလုပ်သူတွေရန်က ကာကွယ်ဖို့ ဘာတွေလုပ်သွားမလဲဆိုတာကိုတော့ USB-IF အဖွဲ့က ပြောကြားခြင်း မရှိပါဘူး။