အမေရိကန်အစိုးရရဲ့ သံသယ ပိုကြီးလာဖို့ ရှိပါတယ်

နာမည်ကျော် ဗွီဒီယိုပလက်ဖောင်းတစ်ခု ဖြစ်တဲ့ TikTok ဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တရုတ်မှာ ရှိတဲ့ ဆာဗာတွေထဲ လျှို့ဝှက်ပေးပို့နေတယ်လို့ ကယ်လီဖိုးနီးယားကောလိပ်ကျောင်းသူတစ်ယောက်က စွပ်စွဲထားပါတယ်။

ဘေဂျင်းအခြေစိုက် ByteDance Technology ကုမ္ပဏီပိုင် TikTok ဘက်က သုံးစွဲသူကိုယ်ရေးအချက်အလက်တွေကို တရုတ်မှာ သိမ်းဆည်းခြင်း မရှိဘူးလို့ ပြောထားပေမယ့် ကယ်လီဖိုးနီးယား ပြည်နယ် ပါလိုအယ်လိုက ကောလိပ်ကျောင်းသူ မစ်စတီဟောင်က ဖက်ဒရယ် ကွန်ပျူတာ ပြစ်မှုဥပဒေနဲ့ ByteDance ၊ TikTok နဲ့ Musical.ly တို့ကို တရားစွဲလိုက်တာပါ။

Photo: thestar


ပြီးခဲ့တဲ့ တစ်ပတ်က ကယ်လီဖိုးနီးယားပြည်နယ် ဖက်ဒရယ် တရားရုံးမှာ စွဲချက်တင်ထားတဲ့ တရားစွဲမှုမှာ TikTok နဲ့ သူ့ရဲ့ မိခင်ကုမ္ပဏီ BytDance တို့ဟာ draft video လိုမျိုး သုံးစွဲသူတွေရဲ့ content တွေကို ကာယကံရှင် မသိဘဲ ရယူနေတယ်လို့ ဖော်ပြထားကြောင်း CNET သတင်းက ဆိုပါတယ်။ ဒါ့အပြင် ကိုယ်ရေးကိုယ်တာ မူဝါဒပိုင်းမှာလည်း ရေရေရာရာ မရှိဘူးလို့ တရားစွဲမှုမှာ ဖော်ပြထားပါတယ်။

ဒီတရားစွဲမှုကြောင့် TikTok ကနေ ရယူထားတဲ့ အချက်အလက်တွေသုံးပြီး အမေရိကန်နိုင်ငံအတွင်းက သုံးစွဲသူတွေရဲ့ကိုယ်ရေးအချက်အလက် profile တွေကို ခြေရာခံနိုင်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။ တရားစွဲချက်ထဲမှာလည်း ကုမ္ပဏီဘက်က ဒီအချက်အလက်တွေ သုံးပြီး ဈေးကွက်ကြော်ငြာတွေဆီ ရောင်းချအမြတ်ထုတ်နိုင်တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

" TikTok ကစားရတာ မွေ့လျော်သူတွေဟာ တန်ဖိုးကြီးကြီး ပြန်ပေးရနိုင်ပါတယ်" လို့ သောကြာနေ့က တင်ထားတဲ့ တရားစွဲဆိုမှုမှာ ပြောထားပါတယ်။ ဒီစွပ်စွဲမှုကို TikTok ဘက်က မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပေမယ့် အမေရိကန် သုံးစွဲသူတွေရဲ့ အချက်အလက်အားလုံးကို အမေရိကန်ပြည်ထောင်စုအတွင်းမှာ သိမ်းထားပြီး အရန်အနေနဲ့ စင်္ကာပူမှာ သိမ်းဆည်းထားတယ်လို့ ဆိုပေမယ့် တရားစွဲသူကတော့ TikTok ဟာ ၂၀၁၉ ဧပြီလလောက်က စပြီး TikTok သုံးသူတွေကိုင်တဲ့ ဖုန်း/လက်ပ်တော့လို devices တွေနဲ့ သူတို့ ဝင်ရောက်ခဲ့တဲ့ ဝက်ဘ်ဆိုက်တွေ ပါတဲ့ အချက်အလက်တွေကို တရုတ်မှာ ရှိတဲ့ bugly.qq.com နဲ့ umeng.com ဆာဗာ ၂ ခုဆီ လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။

TikTok ကို စွပ်စွဲမှု လုပ်ဆောင်ထားတဲ့ မစ်စတီဟောင်ဟာ TikTok ကို ၂၀၁၉ မတ်လလောက်က ဒေါင်းလုပ်ဆွဲခဲ့သူ ဖြစ်ပြီး အကောင့်တော့ ဖန်တီးမှု မလုပ်ထားဘူးလို့ ဆိုပါတယ်။ TikTok ကို ဒေါင်းလုပ်ဆွဲပြီးနောက် လအတော်ကြာမှာ TikTok ဟာ သူမ မသိဘဲ သူမအတွက် အကောင့်တစ်ခု ဖန်တီးခဲ့ပြီး TikTok ပေါ် မတင်ဖြစ်တဲ့ သူမရဲ့ ဗွီဒီယိုတွေဆီက ဇီဝသတင်းအချက်အလက်တွေ အပါအဝင် သူမအကြောင်း သီးသန့်အချက်အလက်တွေ ထုတ်ခဲ့တာ တွေ့ခဲ့တယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။

Photo: todayonline

TikTok ဟာ သုံးစွဲသူရဲ့ ဇီဝ အချက်အလက်တွေ ရယူဖို့ လူတွေရဲ့ မျက်နှာကို အနီးကပ်ပုံတွေ ဖမ်းယူခဲ့တယ်လို့ တရားစွဲချက်မှာ ဆိုပါတယ်။ TikTok သုံးသူတစ်ယောက်ဟာ ဗွီဒီယိုရိုက်ပြီး next ဆိုတဲ့ button ကို နှိပ်လိုက်တာနဲ့ ဗွီဒီယိုတွေဟာ ကာယကံရှင်တွေ မသိဘဲ domains အမျိုးမျိုးဆီ ပို့ပြီးသား ဖြစ်နေတယ်လို့ မစ်စတီဟောင်က စွပ်စွဲထားပါတယ်။ ဒီလို လုပ်တာဟာ သုံးစွဲသူအနေနဲ့ ဗွီဒီယိုကို save မလုပ်ခင် ၊ app ပေါ် ပို့စ်မတင်ခင်မှာ ဖြစ်နေတာလို့လည်း ပြောပါတယ်။

၁၅ စက္ကန့်ပဲ ကြာမြင့်တဲ့ ရုပ်သံဗွီဒီယိုတိုတွေ တင်ဆက်ခွင့်ပေးထားတဲ့ TikTok app ကို ဒေါင်းလုပ်ဆွဲတဲ့ အကြိမ်ရေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာထဲမှာ သန်း ၁၅၀၀ ကျော်ရှိခဲ့ပြီး အမေရိကန်လူငယ်တွေအကြားမှာလည်း ရေပန်းစားနေပါတယ်။ အမေရိကန်အစိုးရကတော့ လုံခြုံရေးအန္တရာယ်ရှိနိုင်တယ့် ပလက်ဖောင်းအဖြစ် TikTok ကို စောင့်ကြည့်စုံစမ်းမှု လုပ်ဆောင်နေပါတယ်။

Share

Loading Next Article...
က္က