မြန်မာလူမျိုးတွေ မစားရမနေနိုင်တဲ့ ငရုတ်သီးရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။

မြန်မာနိုင်ငံက မိန်းကလေးတော်တော်များများဟာ ငရုတ်သီးကို တမက်တမော စားသုံးတတ်ကြပါတယ်။ ဒီလို ငရုတ်သီးကို စားသုံးခြင်းဟာ ဘယ်လို ကောင်းကျိုးတွေရရှိနိုင်သလဲဆိုတာတော့ မသိကြပါဘူး။ အရမ်းစပ်တဲ့ ငရုတ်သီးတွေကို တရှိုက်မက်မက် စားသုံးတတ်ကြတဲ့ မဒီတွေအတွက် ငရုတ်သီးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးဆိုးကျိုး တချို့ကို ပြောပြပေးချင်ပါတယ်။ 

မစားရမနေနိုင်တဲ့ ငရုတ်သီး

တို့မိန်းကလေးတွေဟာ ငရုတ်သီးကို အချဉ်ပေါင်း၊ အချဉ်ထုပ်ကနေစပြီး နောက်ဆုံး ဟော့ပေါ့ နဲ့ မာလာရှမ်းကောအထိ မစားရမနေနိုင်ကို စားတတ်ကြပါတယ်။ စိတ်ညစ်ပြီး စိတ်ဓာတ်ကျနေချိန်တွေမှာတောင် ငရုတ်သီးစပ်စပ်ကို စားလိုက်ရတယ်ဆိုရင်ပဲ စိတ်ညစ်ပြေပြီး တက်ကြွလာတဲ့အထိ ငရုတ်သီးဟာ မိန်းကလေးတွေရဲ့ အဖော်မွန်လို ခွဲမရအောင် ရှိတတ်ကြပါတယ်။

ဒီလို မစားရမနေနိုင် ၊ မြင်တာနဲ့ သားရည်ယိုရတဲ့ ငရုတ်သီးရဲ့ ကောင်းကျိုးတွေက ဘာတွေဖြစ်မလဲ။ 

ငရုတ်သီးကောင်းကျိုး

ငရုတ်သီးဟာ သွားတွေကို ခိုင်မာစေပြီး ခံတွင်းရှင်းစေပါတယ်။ အရိုးအဆစ်တွေအတွက်လည်း အထူးကောင်းပြီး လေးဖက်နာနဲ့ အဆစ်ယောင်တာတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

အမျိုးသမီးတွေအတွက်လည်း သံဓာတ်အားကောင်းစေပြီး သွေးကြဲတာတွေကိုလည်း သက်သာစေပါတယ်။ အသက်ကြီးရင်ဖြစ်တတ်တဲ့ အရိုးပွရောဂါကို လျော့ပါးစေနိုင်ပြီး ပိုးသတ်စေနိုင်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ တခြားဂုဏ်သတ္တိတွေကတော့ အစာခြေအားကောင်းတာ ၊ မျက်စိအားကောင်းစေတာ နဲ့ ကင်ဆာရောဂါကို တိုက်ဖျက်ပေးတာမျိုးတွေ ဖြစ်ပါတယ်။ 

ငရုတ်သီးရဲ့ဆိုးကျိုး

ဒီလို အကျိုးကျေးဇူးတွေအများကြီးရှိသလို ဆိုးကျိုးတွေလည်း ရှိနေပါသေးတယ်။ မှိုတက်နေတဲ့ ငရုတ်သီးကို စားသုံးမိတာ ဒါမှမဟုတ် ငရုတ်သီးကို အလွန်အကြူးစားသုံးမိမယ်ဆိုရင် ခံတွင်းနဲ့ ပတ်သက်တဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်ရောဂါ ၊ ကျောက်ကပ်ရောဂါ ၊ လျှာအပူလောင်တာ ၊ ဝမ်းဗိုက်တွင်း အပူလောင်တာ ၊ ဝမ်းလျှောတာတွေအပြင် ကင်ဆာရောဂါကိုပါ ဖြစ်ပွားစေနိုင်တဲ့ ဆိုးကျိုးတွေလည်း ရှိနေပါတယ်။

ငရုတ်သီးကို ကြိုက်နှစ်သက်ပေမယ့်လည်း ဆိုးကျိုးတွေ မခံစားရအောင် ဘယ်လိုစားသုံးသင့်သလဲဆိုတာကိုတော့ ဒေါက်တာ ကျော်ရှိန်မောင်က ခုလို အကြံပြုပေးထားပါတယ်။ 

“ငရုတ်သီးကို စားသုံးတဲ့နေရာမှာ ငရုတ်သီးအခြောက်ဆိုတာရှိတယ် ၊ ငရုတ်သီးစိမ်းဆိုတာရှိတယ်။ အများအားဖြင့်တော့ Green Chili လို့ခေါ်တဲ့ ငရုတ်သီးစိမ်းကို စားပေးတာပိုကောင်းတယ်။ ငရုတ်သီးခြောက်ကို စားတဲ့အခါမှာ ဘာဖြစ်စေသလဲဆိုတော့ မှိုတွေ ဘာတွေ ပါတာမျိုးတွေဖြစ်တတ်တယ်။ ငရုတ်သီးခြောက်ကို စားတဲ့နေရာမှာ ဒီတိုင်းမစားဘဲနဲ့ ရေနွေးပွက်ပွက်ဆူတဲ့ထဲမှာ ပြုတ်ပြီးတော့ စားတာမျိုးတွေ လုပ်ပေးရမယ်။ နောက်တစ်ခုက ကင်ပြီးတော့ပဲဖြစ်ဖြစ် တစ်ခုခုပေါ့၊ ဒီတိုင်းစားတာထက် သူ့ကို ပိုးသတ်စေပြီးစားတာက သူ့ကို ပိုအဆင်ပြေစေတယ်။ အဲဒီတော့ ကျွန်တော်က Green Chili ကို ပိုအားပေးတယ်။” 

ဒါ့ကြောင့် ကျန်းမာနုပျိုလှပတဲ့ ဘဝဖြတ်သန်းမှုကို ရရှိပိုင်ဆိုင်နိုင်စေဖို့အတွက် ကိုယ့်ရဲ့ နေ့စဉ် လူမှုဘဝမှာ ကိုယ်စားသုံးနေတဲ့အရာတွေက ကျန်းမာရေးနဲ့ ညီညွှတ်မျှတဖို့လိုအပ်တဲ့အတွက် ပျိုမေတို့အနေနဲ့ ငရုတ်သီးကို ဟင်းချက်ရင်ပဲဖြစ်ဖြစ် ၊ အဆာပြေအပျင်းပြေစားသုံးတဲ့ အစားအသောက်တွေမှာ ဖြစ်ဖြစ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ငရုတ်သီးဖြစ်ဖို့ ရွေးချယ်အသုံးပြုကြဖို့ လိုအပ်ပါတယ်။ 


Share

Loading Next Article...
က္က