ကစားသမားရဲ့ ပြောဆိုချက်အရ စိုးရိမ်စရာအနေအထားတစ်ခုဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ အခြေအနေက ပြန်လည်တည်ငြိမ်နေခဲ့ပြီလည်းဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူကီဗင်ဒီဘရိုင်းက သူနဲ့ သူ့ရဲ့မိသားစုဟာ နေအိမ်မှာပဲ နေထိုင်ရစဉ်ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ဒီဘရိုင်းတို့ မိသားစုဟာ ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ကူးစက်ခဲ့ဖွယ်ရှိတယ်လို့ ကစားသမားက ယူဆနေတာဖြစ်ပါတယ်။
ဒီဘရိုင်းတို့ မိသားစုဟာ မန်ချက်စတာမှာပဲ နေထိုင်နေတာဖြစ်ပြီး ဖျားနာမှုဝေဒနာကို ခံစားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါနေမကောင်းဖြစ်မှုက ပြန်လည်ပျောက်ကင်းသွားခဲ့ပြီး လက်ရှိမှာတော့ လိုအပ်တဲ့စစ်ဆေးမှုတွေကို ရှာဖွေလုပ်ဆောင်နေတယ်လို့ ဘယ်လ်ဂျီယံကွင်းလယ်လူက Sky Sports ကို ပြောဆိုသွားခဲ့ပါတယ်။
"နေအိမ်မှာပဲ နေထိုင်ဖို့ ကန့်သတ်ခံရတဲ့အချိန်စစချင်းမှာပဲ ကျွန်တော့်သားငယ်က စတင်ပြီးတော့ ဖျားတာပါ၊ အဲဒီနောက်မှာ သားအကြီးနဲ့ ဇနီးသည်လည်း ဖျားနာခဲ့ကြပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့တာလား၊ မကူးစက်ဘူးလားဆိုတာကိုတော့ ကျွန်တော်မသိပါဘူး၊ ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ အဲဒီအခြေအနေက လွတ်မြောက်ခဲ့ပါတယ်"
"ပြီးခဲ့တဲ့နှစ်ပတ်၊ သုံးပတ်လောက်အတွင်းမှာ အားလုံးပဲ တော်တော်လေးကောင်းမွန်နေကြပါပြီ၊ ဒါပေမယ့် လိုအပ်တာတွေလုပ်နေပြီးတော့ ဘာဖြစ်မလဲဆိုတာကို စစ်ဆေးနေပါတယ်၊ အခုတော့ အရာအားလုံးက ကောင်းမွန်နေပါတယ်" လို့ ဒီဘရိုင်းက ပြောဆိုသွားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းရဲ့ လက္ခဏာတွေထဲမှာ ဖျားနာမှုဝေဒနာလည်း ပါဝင်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီဘရိုင်းတို့မိသားစုအနေနဲ့ သာမန်ဖျားနာမှုကိုသာ ခံစားခဲ့ရဖွယ်ရှိပြီး အချိန်တိုအတွင်းမှာ ပျောက်ကင်းသွားခဲ့တယ်လို့ ယူဆရဖွယ်ရှိပါတယ်။ ကစားသမားရဲ့ ပြောဆိုချက်အရ စိုးရိမ်စရာအနေအထားတစ်ခုဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ အခြေအနေက ပြန်လည်တည်ငြိမ်နေခဲ့ပြီလည်းဖြစ်ပါတယ်။