In partnership with  logo
ဆုံးဖြတ်ချက်ကို တိတိကျကျပြတ်ပြတ်သားသား ချမှတ်နိုင်မှ ရလဒ်ကောင်းတွေ ရရှိမှာပါ။

လူတိုင်းမှာ တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် ချီတုံချတုံ ဖြစ်တတ်ကြတာ သဘာဝပါပဲ။ အထူးသဖြင့် အရာရာအပေါ် စိုးရိမ်တကြီးဖြစ်တတ်ကြတဲ့ အမျိုးသမီးတွေက အဆိုးဆုံးပါပဲ။ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် ကိုယ်ဆုံးဖြတ်လိုက်တဲ့ အရာက မှားယွင်းသွားမှာ ၊ ရလဒ်အမှားတွေနဲ့ ကြုံရမှာ ၊ ပတ်ဝန်းကျင်က မေးငေါ့မျက်စောင်းထိုးမှာ ၊ မိဘအုပ်ထိန်းသူတွေနဲ့ ဆွေမျိုးတွေက အပြစ်ပြောကြမှာ စသဖြင့် စိုးရိမ်စိတ်တွေ အများကြီးနဲ့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချဖို့ လက်တွန့်နေကြပါတယ်။

ဒီတော့ အကောင်းဆုံးဖြေရှင်းဖို့ နည်းလမ်းက ဘာဖြစ်မလဲ ။

ကိုယ့်ရဲ့ အမြင်ကိုလေးစားပါ

ပထမဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိဖို့ လိုအပ်ပါတယ်။ ကိုယ်က ဘာဖြစ်ချင်တာလဲ ၊ ဘာလိုချင်တာလဲ ၊ ကိုယ်က ဘာကို ဆုံးဖြတ်ချက်ချရမှာလဲ၊ ဘာ့ကြောင့်လဲ ဆိုတဲ့ ကိုယ့်ရဲ့လိုအပ်မှု ၊ ကိုယ့်ရဲ့ အမြင်ကို အရင်ဆုံး ဦးစားပေး စဉ်းစားပေးရမှာပါ။ ကိုယ်က ဘာ့ကြောင့် ဒီဆုံးဖြတ်ချက်ကို ချမှတ်ဖို့အတွက် စိတ်အားထက်သန်နေရတာလဲ စတဲ့ ကိုယ့်ရဲ့ အမြင်တွေထဲက ကိုယ် အားအသာဆုံးဖြစ်တဲ့အချက်ကို ရွေးချယ်လိုက်ပါ။

ကိုယ့်ရဲ့ အတွေးတွေ မှန်ကန်မှုရှိမရှိ သုံးသပ်ပါ

ကိုယ့်ရဲ့ အမြင်ကို ဦးစားပေးတယ်ဆိုပေမယ့် ကိုယ့်ရဲ့ အတွေးအမြင်တွေဟာ မှန်ကန်မှုရှိတယ် မရှိဘူးဆိုတာကလည်း အရေးကြီးပါတယ်။ မှန်ကန်မှုမရှိတဲ့ အမြင်တွေအပေါ် ဆုံးဖြတ်ချက်ချတာမျိုးကလည်း မဖြစ်သင့်တဲ့ အရာပါ။ ဒါ့ကြောင့် ကိုယ်အဖြစ်ချင်ဆုံး ၊ ကိုယ့်အတွက် အဆင်ပြေဆုံးအရာကို ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင်တော့ ဒီအရာတွေက မှန်ကန်ှုရှိမရှိ သုံးသပ်ဖို့ လိုအပ်ပါတယ်။ လိုအပ်ရင် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်ကိုလည်း ရယူပါ။

အထက်တန်းရှေ့နေတစ်ဦးဖြစ်တဲ့ ဗျူးလာဦးကလည်း သူ့ရဲ့ ကိစ္စကြီးငယ်အပေါ် ဆုံးဖြတ်ချက်ချဖြစ်တဲ့ သူ့ရဲ့ အမူအကျင့်တွေအကြောင်းကို Duwun ကို ပြောပြပါတယ်။

"ကိစ္စတစ်ခုကို ဆုံးဖြတ်တဲ့နေရာမှာ အကြောင်းချင်းရာအပေါ်မူတည်တယ်။ အကျိုးအကြောင်း သေချာစဉ်းစားပြီးဆုံးဖြတ်တယ်။ ဆုံးဖြတ်ပြီးရင်လည်းရအောင်လုပ်တယ်။ ကိုယ်တစ်ယောက်တည်းရဲ့ Decision နဲ့ပဲဆုံးဖြတ်တာများတယ်။ အရင်တုန်းကတော့ မှန်တယ်ထင်ရင် ကိုယ်လုပ်ချင်ရာလုပ်တတ်တယ်။ အခုနောက်ပိုင်း အသက်ကြီးလာလို့လားမသိဘူး ကိုယ်နဲ့ အရင်းနှီးဆုံးသူတွေကို တိုင်ပင်ဖြစ်တယ်။ သူတို့ပေးတဲ့ အကြံဉာဏ်လည်းယူတယ်ပေါ့။ ပြီးမှ ဘယ်ဟာကအကောင်းဆုံး ဆုံးဖြတ်တယ်။ အကောင်းဆုံးဖြစ်မလဲဆိုတာ ပြန်စဉ်းစားပြီးဆုံးဖြတ်တယ်။"

ခံစားချက်ဦးစားမပေးပါနဲ့

အမျိုးသမီးတွေရဲ့ အကြီးမားဆုံး အားနည်းချက်ကို ပြောပါဆိုရင် ခံစားချက်ကို ဦးစားပေးတတ်တာတွေလို့ ပြောရပါမယ်။ အမျိုးသမီးတွေဟာ နူးညံ့သိမ်မွေ့သူတွေ ဖြစ်တဲ့ အလျောက် တစ်ခုခုဆို ခံစားချက်ကို ရှေ့တန်းတင်လွန်းကြပါတယ်။ တချို့နေရာတွေမှာ ခံစားချက်ကို ရှေ့တန်းတင်တာက ဘာမှမဖြစ်နိုင်ဘူးဆိုပေမယ့် တချို့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ ခံစားချက်ကို ထည့်မတွက်တာက အကောင်းဆုံးရလဒ်တွေ ရရှိစေနိုင်ပါတယ်။

Lady Grace Diamond Land ရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ မနန်းတင်မိုးသူကလည်း ဆုံးဖြတ်ချက်ချဖို့ ချီတုံချတုံဖြစ်နေကြသူတွေအတွက် Duwun ကနေတစ်ဆင့် ခုလို အကြံပေးစကားပြောပြလိုက်ပါတယ်။

"ဆုံးဖြတ်ချက်ချဖို့ ချီတုံချတုံဖြစ်နေတဲ့သူတွေအတွက် ပြောချင်တာက... မစွန့်စားရဲသမျှတော့ အောင်မြင်မှုနဲ့အလှမ်းဝေးနေဦးမှာပါ။ ဆုံးဖြတ်ဖို့အဆင့်ကိုတောင် မဝံ့ရဲရင် အလုပ်လုပ်ဖြစ်တဲ့အဆင့်ကို ရောက်လာတော့မှာ မဟုတ်ဘူး။ အလုပ်မလုပ်ဖြစ်မှတော့ အလုပ်အောင်မြင်တယ်ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် တစ်ခုခုလုပ်ချင်စိတ်ရှိရင်

(၁) ကိုယ့်ကိုယ်ကို တကယ် လုပ်နိုင်မလားလို့သုံးသပ်ပါ

(၂) လုပ်နိုင်မယ်ထင်ရင် လိုအပ်တာတွေ ပြင်ဆင်ပါ (သင်တန်းတက်တာ၊ လုပ်ငန်းအတွေ့အကြုံယူတာ၊ plan ဆွဲတာမျိုး)

(၃) အဆင်သင့်ဖြစ်ပြီလို့ယူဆရင် ရဲရဲသာရှေ့တိုးလုပ်ပါ ဒီလိုလုပ်တဲ့နေရာမှာ ဇွဲရှိဖို့ ၊ တော်ရုံနဲ့ စိတ်ဓာတ်မကျဖို့ ၊ သူများပြောသမျှနားယောင်မလွယ်ဖို့တော့ လိုပါတယ်။

ကိုယ့်ရဲ့ အခြေအနေအပေါ် မှန်မှန်ကန်ကန်မြင်တတ်ပါစေ

ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း ကိုယ့်ရဲ့ လက်ရှိအခြေအနေကို အထင်နဲ့ ရမ်းတုတ်နေတာမျိုးမဟုတ်ဘဲ လက်တွေ့မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အခြေအနေအမှန်ကို သေချာမဆန်းစစ်ဘဲ ထင်တစ်လုံးနဲ့ ဆုံးဖြတ်ချက်ချမှတ်မယ်ဆိုရင် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေက မမှန်ကန်နိုင်စရာအကြောင်း မရှိပါဘူး။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ

ဆုံးဖြတ်ချက်ချမှတ်မှ မဟုတ်ပါဘူး။ ဘယ်နေရာမှာမဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေဖို့ လိုအပ်ပါတယ်။ ယုံကြည်မှုရှိမှ အောင်မြင်မှုကို တည်ဆောက်နိုင်တာမျိုးပါ။ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာမှာလည်း ဒီလိုပါပဲ။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ခိုင်မာတိကျတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေမှ သူတပါးကလည်း ကိုယ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် ယုံကြည်မှုရှိမှာပါ။

ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာဟာ တကယ်တော့ အရမ်းကို အရေးကြီးပါတယ်။ ငယ်ရွယ်သူတွေအဖို့ ကိုယ်တက်မယ့်ကျောင်းကို ရွေးချယ်တာ ၊ ကိုယ်လုပ်မယ့်အလုပ်ကို ရွေးချယ်တာ ၊ လက်တွဲဖော်ရွေးချယ်တာ ၊ စီးပွားရေးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချမှတ်တာ စသဖြင့် သေးသေးလေးကစပြီး အရေးကြီးဆုံး ကိစ္စတွေအထိ ဆုံးဖြတ်ချက်ချမှတ်ရပါတယ်။ ဒါ့ကြောင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ ချီတုံချတုံဖြစ်မနေဘဲ တိကျပြတ်သားရဲရင့်စွာ ဆုံးဖြတ်ချက်ချမှတ်ဖို့ အထူးအရေးကြီးပါတယ်။

Share

Loading Next Article...
က္က