In partnership with  logo
ကိုယ့်အကြောင်း မကောင်းပြောနေရင်လည်း ဝမ်းနည်းကြေကွဲမနေပါနဲ့ ။

မိန်းကလေးတော်တော်များများ ကြုံနေကြရတဲ့ ပြဿနာဟာ ကိုယ့်အကြောင်း သူများက မဟုတ်တမ်းတရားတွေ ပြောလာတဲ့အခါမှာ စိတ်ထိခိုက်ပြီး ဒေါသူပုန်တွေထ လိုက်ဖြေရှင်းချင်နေတတ်ကြပါတယ်။ ဒါက လွဲမှားတဲ့ ဖြေရှင်းနည်းပါ။ ကိုယ့်အကြောင်း မကောင်းပြောသူ ၊ မဟုတ်တမ်းတရားပြောသူတွေဆိုတာ ဘယ်အသက်အရွယ်ရောက်ရောက် ဘယ်အရပ်ဒေသကိုပဲရောက်ရောက် ကြုံတွေ့ရမှာပါပဲ။ သူတပါးစကားနဲ့ ကိုယ့်ကိုယ်ကိုယ် ပူလောင်စေတာမျိုး အဖြစ်မခံကြဖို့ မဒီတို့ကို တိုက်တွန်းချင်ပါတယ်။

ကိုယ့်ကိုမနာလိုလို့ပါ

ကိုယ့်အကြောင်းကို အချိန်ကုန်ခံပြီး ပြောဆိုနေတယ်ဆိုတာကတော့ သေချာပါတယ်၊ ပြောနေတဲ့သူဟာ ကိုယ့်အတွက် သူ့ရဲ့ အချိန်တွေကို ဖဲ့ပြီးပေးနေတာပါ။ တစ်နည်းအားဖြင့် ကိုယ့်ကို မနာလို အားကျနေတာမို့ သူ့ရဲ့ အချိန်တွေကို ကိုယ့်အကြောင်းပြောရင်း အကုန်ခံနေတာဖြစ်ပါတယ်။ လူတိုင်းမှာ လုပ်စရာ ၊ ကြိုးစားစရာတွေ အများကြီး ရှိနေပါတယ်။ ဒီကြားထဲက ကိုယ့်အကြောင်းကို အချိန်ကုန်ခံပြီး ပြောဆိုနေတာကို လိုက်ပြီး ခံစားမနေပါနဲ့။

Marketing executive တစ်ယောက်ဖြစ်တဲ့ မနုသဇင်စန်းကတော့ သူမကြုံတွေ့လာတဲ့ သူတပါးရဲ့ မကောင်းပြောဆိုမှု‌တွေကို ဘယ်လိုဖြေရှင်းလေ့ရှိသလဲဆိုတာကို Duwun ကို ခုလိုပြောပြပါတယ်။

"ကိုယ့်မကောင်းကြောင်းကို ကွယ်ရာမှာပြောနေတာတွေကိုတော့ အာရုံထဲမထားဘူး၊ တည့်တည့်လာပြောရင်တော့ ပွင့်ပွင့်လင်းလင်းပြောဆိုပစ်လိုက်တယ်။ လုပ်ငန်းခွင်တွေမှာ ကြုံလာခဲ့ရင်လည်း ချက်ချင်း အချက်အလက်နဲ့ ပြောပြ ရှင်းပြတာမျိုးတွေ လုပ်တယ်။ ကိုယ့်ကို မကောင်းပြောရင် စိတ်တို‌ဒေါသထွက်တာမျိုးတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ပြောတဲ့သူဝမ်းသာအောင်တော့ သူတို့ရှေ့မှာ သူတို့ဝမ်းသာအောင် ဒေါသထွက်ပြမနေဘူး၊ များသောအားဖြင့် ကိုယ့်ကို မကောင်းပြောတာတွေကို အာရုံထဲ မထားတာများတယ်။"

ဖြေရှင်းဖို့ မကြိုးစားပါနဲ့

ငါက သူပြောတဲ့ သူမျိုးမဟုတ်ဘူးလို့ လူတိုင်းကို လိုက်ပြောပြနေစရာ မလိုပါဘူး။ သူပြောတဲ့ စကားကို ယုံကြည်ပြီး ကိုယ့်ကို မယုံကြည်တဲ့ သူတွေအတွက်လည်း ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ ၊ အချိန်တွေကို ဖဲ့ပေးနေစရာ မလိုပါဘူး။ ကိုယ့်အကြောင်း မကောင်းဖွနေတဲ့ သူတွေအတွက်လည်း လိုက်ဖြေရှင်းပေးနေစရာမလိုပါဘူး။ အချိန်တန်ရင် ဘယ်သူက ဘာဆိုတာ ရှင်းရှင်းလင်းလင်း သိသွားကြမှာ ဖြစ်တဲ့အတွက် တဒင်္ဂမကောင်းပြောနေတာတွေအပေါ် လိုက်ဖြေရှင်းမနေပါနဲ့။

ပိုကြိုးစားပါ

ကိုယ့်ကို မကောင်း‌ပြောနေတဲ့သူတွေကို အကောင်းဆုံး ကလဲ့စားချေခြင်းကတော့ ကိုယ့်ကိုယ်ကိုယ် ပိုတော်အောင် ၊ ပိုလှအောင် ၊ ပိုအောင်မြင်အောင် ကြိုးစားတာပါပဲ။ သူတို့ ကိုယ့်ကို ကြည့်ပြီး မကောင်းပြောနေချိန်မှာ ကိုယ်ကတော့ ကိုယ့်ရဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး ကိုယ့်ဘဝအတွက် ပိုကောင်းမယ့်အရာတွေ အပေါ် အာရုံစိုက်ပါ၊ ကိုယ် ပိုတော်လာလေ သူတို့ရဲ့ မနာလိုမှုက ပိုကြီးထွားလေပါပဲ။ ဒါ့ကြောင့် ကိုယ့်ကို မကောင်းပြောသူတွေ၊ ကိုယ့်ဖြစ်တည်မှုကို ရှုံ့ချတဲ့သူတွေကို လက်စားချေချင်တယ်ဆိုရင် ကိုယ်က ပိုကောင်း ပိုတော်တဲ့ ဘဝကို ရအောင် ကြိုးစားယူပါ။

သူတို့ကို အသုံးချပါ

ကိုယ့်မှာ စိတ်ဓာတ်ကျရတဲ့အချိန် ၊ အားငယ်နေရတဲ့အချိန် ၊ အပျင်းကြီးနေတဲ့အချိန်တွေ ရှိမှာပါပဲ။ သူတို့ပြောစကားတွေကို ကြားရတဲ့အခါမျိုးမှာ ဒီစိတ်တွေလည်း ဖြစ်လာနိုင်ပါတယ်၊ ဒါပေမယ့် ကိုယ်စိတ်ဓာတ်ကျလာပြီ၊ အားငယ်လာပြီ၊ အပျင်းတွေကြီးလာပြီဆိုရင် သူတို့ရဲ့ ပြောစကားတွေကို ပြန်ကြားယောင်ပြီး အားအင်အဖြစ် ပြန်မွေးပါ။ သူတို့ပြောသမျှ စကားတွေကို ဝမ်းနည်းစရာ၊ စိတ်ပျက်စရာလို့ မတွေးဘဲ ဘဝအတွက် အောင်မြင်စေဖို့ တွန်းအားပေးတဲ့အရာတွေ အဖြစ် သတ်မှတ်ပြီး အသုံးချပါ။

ကိုယ့်ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို အကြောင်းပြုပြီး ဝေဖန်အပြစ်တင်နေကြတဲ့သူတွေကြောင့် စိတ်ညစ်နေရတဲ့ ညီမငယ် ချောအိအိရှိန်းကတော့ သူ ခံစားနေရတာတွေကို Duwun ကို ခုလိုပြောပြလာပါတယ်။

" ဝတာကို ကဲ့ရဲ့အပြစ်တင်တာ‌နေကြတာကို အရမ်းခံစားရတယ်။ ဒီဝတာကြီးကကိုယ့်အတွက်အရမ်းပြဿနာကြီးကြီးတစ်ခုလိုကိုယ်ခံစားရအောင်ပြောဆိုနေတာပေါ့၊ ကိုယ်ကဝနေတော့ ဒီဝတာက ကိုယ့်ကိုယ်ကိုယ်စိတ်ဆင်းရဲစေတယ်။ ဥပမာအဝတ်အစားလှလှလေးဝတ်ချင်တယ်။ ဒါပေမယ့်ကိုယ့် bodyနဲ့လိုက်မှလိုက်ပါ့မလားဆိုတဲ့စိတ်အမြဲဝင်တယ်။ သူများတွေကလည်း တအားဝတာပဲလို့ပြောကြတော့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်ရင်း ငါတကယ်များပုံဆိုးပန်းဆိုးဖြစ်နေပြီလား။ ငါဝိတ်ချမှဖြစ်တော့မယ်ဆိုတဲ့အတွေးစိတ်အမြဲတမ်းဖြစ်တယ်ရှင့်"

ကိုယ့်ရဲ့ ဖြစ်တည်မှုအပေါ် ဘယ်တော့မှ သံသယမဝင်ပါနဲ့



တစ်ခါတလေမှာ သူတို့ပြောတဲ့အရာတွေက ကိုယ့်ရဲ့ ဖြစ်တည်မှုကို ထိပါးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုအကြောင်း ပြောတာ ၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံအကြောင်း ပြောတာ ၊ ကိုယ့်ရဲ့ အပြုအမူတွေအကြောင်း ဝေဖန်တာတွေ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ပြောကြပါစေ။ ကိုယ့်ရဲ့ ဖြစ်တည်မှု ၊ ကိုယ့်ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ နဲ့ ကိုယ့်လွတ်လပ်မှုအရ ပြုမူမိတဲ့ အပြုအမူတွေအပေါ် သိမ်ငယ်စိတ်ဝင်ဖို့ လုံးဝမလိုအပ်ပါဘူး။ ဘယ်သူတွေ ဘာပြောပြော ငါဟာ ငါ့လွတ်လပ်မှုအရ စိတ်ကြိုက် ရှင်သန်ခွင့်ရှိတဲ့အကြောင်း သတိချပ်စေလိုပါတယ်။

ခုပြောခဲ့တာတွေကတော့ မိန်းကလေးတိုင်း ခံစားရတတ်တဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ ၊ မကောင်းပြောဆိုမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်ဝမ်းနည်းစိတ် ဝင်လာတဲ့အခါ ပြန်လည် တည်ဆောက်ယူသင့်တဲ့ အရာတွေအကြောင်းပြောခဲ့တာပဲ ဖြစ်ပါတယ်။ မိန်းကလေးတိုင်း ကိုယ့်ရဲ့ ပုံစံ၊ ကိုယ့်ရဲ့ အပြုအမူ ၊ ကိုယ့်ရဲ့ ဘဝအခြေအနေအရ ဘယ်လိုပင် ဖြစ်နေပါစေ..ကိုယ်ဟာ ကိုယ့်ပုံစံနဲ့ကိုယ် လှပနေတဲ့သူတစ်ယောက်အဖြစ် ရဲရဲဝံ့ဝံ့ရင်ဆိုင်ရှင်သန်ဖို့ လိုအပ်ပါတယ်။

Share

Loading Next Article...
က္က