သွင်းဂိုးအားလုံးကို ပယ်နယ်တီဧရိယာအတွင်းကနေပဲ သွင်းခဲ့တာပါ။

ပဲစေ့လေးလို့ နာမည်ပြောင်ပေးခံထားရတဲ့ ဟာနန်ဒက်ဇ်အတွက် ထူးခြားတဲ့မှတ်တမ်း နဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့နံနက် အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဝက်စ်ဟမ်းအသင်းက ဖူလ်ဟမ်ကို အိမ်ကွင်းမှာ (၃-၁)နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေရတဲ့ ဖူလ်ဟမ်အသင်းဟာ ရွိုင်ယန်ဘာဘယ်ရဲ့ ပွဲအစ (၃)မိနစ် ဦးဆောင်ဂိုးနဲ့ အဝေးကွင်းမှာ ဦးဆောင်နိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

က်စ်ဟမ်းအတွက် ချေပဂိုးကို ပွဲချိန် (၂၉)မိနစ်မှာ တိုက်စစ်မှူးဟာနန်ဒက်ဇ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးဟာ ဟာနန်ဒက်ဇ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၅၀) ပြည့်မြောက်စေခဲ့တဲ့ သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟာနန်ဒက်ဇ် ဂိုးသွင်းယူခဲ့ချိန်မှာ လက်နဲ့ထိခဲ့မှု ရှိခဲ့လို့ အငြင်းပွားဖွယ်ရာသွင်းဂိုးတော့ ဖြစ်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်လူကြီးကတော့ ဟာနန်ဒက်ဇ်ရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့ပြီး ဝက်စ်ဟမ်းတို့ ချေပဂိုးရရှိခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ (၆)ရာသီကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲပေါင်း (၁၀၃)ပွဲအထိ ကစားပေးခဲ့တဲ့ ဟာနန်ဒက်ဇ်ဟာ သွင်းဂိုးပေါင်း (၃၇)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကစားသမားဘဝမှာ ပရိသတ်အကြိုက် ကစားသမားဖြစ်ခဲ့ပြီး သူ့ရဲ့ကြုံသလိုဂိုးသွင်းတတ်တဲ့ စွမ်းရည်ကြောင့်လည်း ဟာနန်ဒက်ဇ်က နာမည်ရခဲ့ပါတယ်။ ဟာနန်ဒက်ဇ်အနေနဲ့ ပရီးမီးယားလိဂ်သွင်းဂိုး (၅၀) ပြည့်မြောက်ခဲ့တဲ့ ပထမဆုံး မက္ကဆီကိုကစားသမားအဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပါပြီ။

ဟာနန်ဒက်ဇ်ဟာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်၊ လေဗာကူဆင်တို့မှာ ကစားခဲ့ကာ နောက်ဆုံးအသင်းအဖြစ် ဝက်စ်ဟမ်းမှာ ကစားနေတာလည်း ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၄၀)ကျော် ကစားပေးပြီးချိန်မှာ ဟာနန်ဒက်ဇ်ရဲ့ သွင်းဂိုးက (၁၃)ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး စုစုပေါင်း ဂိုး(၅၀) ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဟာနန်ဒက်ဇ်ရဲ့ သွင်းဂိုးပေါင်း (၅၀)မှာ ထူးခြားချက်အဖြစ်ကတော့ သွင်းဂိုးအားလုံးကို ပယ်နယ်တီဧရိယာအတွင်းထဲကပဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ (၁၈)ကိုက်စည်းအတွင်းမှာ အကောင်းဆုံးအဆုံးသတ်နိုင်တဲ့ စွမ်းရည်နဲ့ ပြည့်ဝတဲ့ ကစားသမားပီပီ ဟာနန်ဒက်ဇ်က ဂိုးပေါက်နဲ့ အနီးကပ်ဆုံး နေရာမျိုးစုံကနေ သွင်းဂိုးတွေ ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပဲစေ့လေးလို့ နာမည်ပြောင်ပေးခံထားရတဲ့ ဟာနန်ဒက်ဇ်အတွက် ထူးခြားတဲ့မှတ်တမ်း နဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က