၁၉၈၇ ခုနှစ်မှာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီစာချုပ် ဖြစ်ပါတယ်။

ရုရှားနိုင်ငံနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ နျူကလီးယားလက်နက်ဆိုင်ရာ သဘောတူညီစာချုပ်အတိုင်း လိုက်နာဆောင်ရွက်မှုတွေကို အမေရိကန်က ယနေ့ (ဖေဖေါ်ဝါရီ ၂ ရက်) မှစပြီး ဆိုင်းငံ့ထားမယ်လို့ သိရပါတယ်။

(အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအို) (Photo: Reuters)

၁၉၈၇ ခုနှစ်မှာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားခဲ့တဲ့ Intermediate-range Nuclear Forces (INF) သဘောတူစာချုပ်ပါ သတ်မှတ်ချက်တွေကို ရုရှားက ဖောက်ဖျက်နေမှု ရပ်ဆိုင်းခြင်းမရှိပါက အမေရိကန်အနေနဲ့ ထိုသဘောတူညီမှုကို ခြောက်လအတွင်း ရုပ်သိမ်းမယ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုက ယမန်နေ့ (ဖေဖေါ်ဝါရီ ၁ ရက်) မှာ ပြောခဲ့ပါတယ်။



INF သဘောတူညီချက်အရ အမေရိကန်နဲ့ရုရှားတို့ကြား မြေပြင်မှဝေဟင် ပစ်လွှတ်နိုင်ပြီ အကွာအဝေး ၃၁၀ မှ ၃,၄၀၀ အတွင်း ရောက်ရှိနိုင်တဲ့ တာတိုနဲ့တာလတ်ပစ် ဒုံးကျည်များတည်ဆောက်မှုကို ပိတ်ပင်ထားပါတယ်။

(ရုရှားရဲ့ ဒုံးကျည်သစ် Novator 9M729) (Photo: Picture Alliance/DPA/TASS/D. Sorokin)

"နျူကလီးယားလက်နက်ထိန်းချုပ်ရေး INF သဘောတူညီမှုအတိုင်း အမှန်တစ်ကယ်ယ ပြန်လည်လိုက်နာမှုတွေ လုပ်ဆောင်ဖို့ ရုရှားက ငြင်းဆန်ခဲ့ပါတယ်၊ ကျွန်တော်တို့က INF ကနေ ခြောက်လအတွင်း နုတ်ထွက်သွားမယ်ဆိုတာကို ရုရှားနဲ့ အခြား သဘောတူညီထားတဲ့ နိုင်ငံတွေကို တရားဝင် အကြောင်းကြားသွားမှာပါ" လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ရုရှားက အသစ်တည်ဆောက်ခဲ့တဲ့ ခရုစ်ဒုံးကျည်ဟာ INF သဘောတူညီမှုကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။ NATO အဖွဲ့က SSC-8 လို့ ခေါ်ဝေါ်တဲ့ ရုရှားရဲ့ Novator 9M729 ဒုံးကျည်အသစ်ဟာ INF ကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုပါတယ်။

(ရုရှားသမ္မတ ဗလာဒီမာပူတင်) (Photo: AP)

ရုရှားကတော့ အမေရိကန်က INF ကနေ နုတ်ထွက်ရန်အတွက် ဒုံးကျည်ကိစ္စကို အကြောင်းပြခြင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ အမေရိကန်က INF ကနေ နုတ်ထွက်ပါက ရုရှားအနေနဲ့ ဒုံးကျည်အသစ်တွေ တည်ဆောက်နိုင်မယ်လို့လည်း ပြောထားပါတယ်။ ဒုံးကျည်အသစ်ကို ဖျက်ဆီးပစ်ရန် အမေရိကန်ရဲ့ တောင်းဆိုမှုကိုလည်း ရုရှားက ပယ်ချခဲ့ကြောင်း သိရပါတယ်။

သမ္မတဒေါ်နယ်ထရန့်ကလည်း ရုရှားနဲ့ချုပ်ဆိုထားခဲ့တဲ့ သမိုင်းဝင် INF စာချုပ်ကနေ အမေရိကန် နုတ်ထွက်သွားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ပြောထားခဲ့ပါတယ်ရုရှားဟာ INF ကို ချိုးဖောက်ခဲ့ကြောင်း ၂၀၁၄ ခုနှစ်မှာ ထိုစဉ်က အမေရိကန်သမ္မတဖြစ်သူ အိုဘားမားကလည်း စွပ်စွဲခဲ့ဖူးပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: Getty Images)

ရုရှားက မြေပြင်မှပစ်လွှတ်တဲ့ ခရုစ်ဒုံးကျည် စမ်းသပ်မှုပြုလုပ်ခဲ့ပြီးနောက် အိုဘားမားက ထိုသို့ စွပ်စွဲပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဥရောပခေါင်းဆောင်တွေထံမှ ဖိအားပေးမှုတွေကြောင့် အိုဘားမားဟာ ရုရှားနဲ့ချုပ်ဆိုထားတဲ့ INF သဘောတူစာချုပ်ကနေ နုတ်ထွက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

Intermediate-Range Nuclear Forces (INF)

- ၁၉၈၇ ခုနှစ်က အမေရိကန်နဲ့ ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မြေပြင်မှ ပစ်လွှတ်ရတဲ့ တာတိုနဲ့တာလတ်ပစ် နျူကလီးယားနဲ့ နျူကလီးယားမဟုတ်တဲ့ ဒုံးကျည်များအားလုံးကို တားမြစ်ပိတ်ပင်တဲ့ လက်နက်ထိန်းချုပ်ရေးသဘောတူညီမှု ဖြစ်ပါတယ်။ သဘောတူညီချက်အရ ပိတ်ပင်ရာမှာ ပင်လယ်ပြင်မှ ပစ်လွှတ်ရတဲ့ ဒုံးကျည်များ ပါဝင်ခြင်းမရှိပါ။

- အမေရိကန်သမ္မတ ရော်နယ်ရေဂင်နဲ့ ဆိုဗီယက်ခေါင်းဆောင် မီခေးလ်ဂေါ်ဘာချော့ဗ်တို့က INF သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

(ဂေါ်ဗာချော့ဗ်နဲ့ ရေဂင်တို့ INF စာချုပ်ကို လက်မှတ်ရေးထိုးခဲ့စဉ်) (Photo: Getty Images)

- ဆိုဗီယက်က SS-20 ဒုံးကျည်များ ဖြန့်ကျက်ချထားမှုကို အမေရိကန်က စိုးရိမ်ခဲ့ပြီး တုံ့ပြန်မှုအဖြစ် ဥရောပမှာ ပါရှင်းနဲ့ခရုစ် ဒုံးကျည်များ ဖြန့်ကျက်ချထားခဲ့ရာ ဆန္ဒပြကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။- ၁၉၉၁ ခုနှစ်မှာတော့ အမေရိကန်နဲ့ ဆိုဗီယက်တို့က ဒုံးကျည် ၂,၇၀၀ နီးပါးကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ နှစ်နိုင်ငံလုံးက စစ်ဆေးရေးအဖွဲ့တွေကို လာရောက်စစ်ဆေးခွင့်ပြုခဲ့ပါတယ်။

- ၂၀၀၇ ခုနှစ်မှာတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်က INF သဘောတူညီချက်ဟာ ရုရှားရဲ့အရေးကိစ္စ မဟုတ်တော့ကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ အမေရိကန် Anti-Ballistic Missile Treaty သဘောတူညီမှုကနေ နုတ်ထွက်သွားခဲ့ပြီးနောက် ရုရှားသမ္မတပူတင်က ထိုသို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

Source: Reuters, BBC, AFP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က