ရွှေတွေအပြည့်တင်ဆောင်ထားတဲ့ သင်္ဘောပျက်တစ်စီးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မှားယွင်းပြောဆိုမှုအတွက် တောင်ကိုရီးယား စီးပွားရေးလုပ်ငန်း အကြီးအကဲသုံးဦးကို တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
(Shinil Group က ထုတ်ပြန်ခဲ့သည့် သင်္ဘောအပျက်အစီးပုံ) (Photo: Shinil Group)
တောင်ကိုရီးယားကုမ္ပဏီ Shinil Group က အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီတန်ဖိုးရှိ ရွှေအမြောက်အမြားပါရှိကြောင်း ကောလာဟလထွက်ပေါ်ခဲ့ပြီး ၁၉၀၅ ခုနှစ်မှာ နစ်မြုပ်သွားခဲ့တဲ့ ရုရှားစစ်သင်္ဘော Dmitrii Donskoi ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ယမန်နှစ် ဇူလိုင်အတွင်း ထုတ်ဖော်ပြောခဲ့ပါတယ်။
အဆိုပါ သင်္ဘောပျက်ပေါ်မှာ အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံထက်မနည်း တန်ဖိုးရှိတဲ့ ရွှေတုံးနဲ့ ရွှေ့ဒင်္ဂါးတွေ တင်ဆောင်ထားခဲ့ကြောင်း သတင်းထွက်နေခဲ့တာ ဖြစ်ပါတယ်။ Shini Group ဟာ ရွှေသင်္ဘောပျက်ကို ရှာဖွေတွေ့ရှိကြောင်း ထုတ်ဖော်ပြောခဲ့ပြီးနောက် ထောင်နဲ့ချီတဲ့ ရင်းနှီးမြှုပ်သူတွေထံမှ ကိုရီးယားဝမ်ငွေ ၈.၉ ဘီလီယံအထိ (အမေရိကန်ဒေါ်လာ ၇.၆ သန်း) ရင်းနှီးမြှုပ်နှံမှုတွေ ရရှိခဲ့တယ်လို့ဆိုပါတယ်။
(ရုရှားစစ်ဘင်္ဘော Dimitrii Donskoi) (Photo: Getty Images)
သို့သော် Shinil Group ရဲ့ ပြောကြားမှုဟာ လိမ်လည်မှုဖြစ်နိုင်ကြောင်း သံသယတွေလည်း ထိုစဉ်ကတည်းက ပျံ့နှံ့ခဲ့ပေမဲ့ ကုမ္ပဏီကတော့ မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။ Shinil Group က ရုရှားသင်္ဘောပျက်မှာ ရွှေတန်ချိန် ၂၀၀ ဝန်းကျင်ပါရှိကြောင်း ပြောခဲ့ပေမဲ့ ထိုပြောကြားမှုဟာ လိမ်လည်မှုသာဖြစ်ကြောင်း ဆိုးလ်မြို့ရှိ တရားရုံးက ဗုဒ္ဓဟူးနေ့ (မေ ၁ ရက်) မှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ယခုကဲ့သို့ မဟုတ်မမှန်ပြောဆို လိမ်လည်မှုကြောင့် Shinil Group ရဲ့ ဒုတိယဥက္ကဋ္ဌ ကင်မ်ကို ထောင်ဒဏ်ငါးနှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။ ထို့အတူ မျိုးရိုးအမည် Ryu လို့ခေါ်တဲ့ ကုမ္ပဏီအကြီးအကဲဟောင်းနဲ့ နောက်ထပ် အဓိကကျတဲ့ ကြံရာပါတစ်ဦးတို့ကိုလည်း ထောင်ဒဏ်နှစ်နှစ်နဲ့လေးနှစ်စီး အသီးသီး ချမှတ်လိုက်တယ်လို့ Yonhap သတင်းဌာနက ပြောပါတယ်။
(Shinil Group က ထုတ်ပြန်ခဲ့သည့် သင်္ဘောအပျက်အစီးပုံ) (Photo: Shinil Group)
"သူတို့ရဲ့ ပြစ်မှုက အလွန်ကြီးပါတယ်၊ လိမ်လည်မှုနည်းလမ်းနဲ့ ငွေပမာဏက ထူးခြားကြီးမားလွန်းပါတယ်၊ ဘယ်သူမှန်းမသိတဲ့ လူအများအပြားကို လိမ်လည်ခဲ့ပြီး အလွန်ကြီးတဲ့ အမြတ်အစွန်း ယူခဲ့ကြတာပါ" လို့ တရားသူကြီး Choi Yeon-mi က ဆိုပါတယ်။
Shinil Group က ရုရှားစစ်ဘင်္ဘော Dimitrii Donskoi ကို Ulleugdo ကျွန်းအနီး ပင်လယ်ရေအောက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ ကနေဒါတို့မှ ကျွမ်းကျင်သူတွေ ပါဝင်ခဲ့ကြပြီး ဇူလိုင် ၁၅ ရက်မှာ ရုရှားစစ်သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ထိုစဉ်က Shinil Group က ထုတ်ပြန်ခဲ့ပါတယ်။
(သင်္ဘောပျက်အကြောင်း ၂၀၁၈ ခုနှစ် ဇူလိုင် ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှ Shinil ရဲ့ CEO) (Photo: AFP)
ထိုအချိန်က Telegraph သတင်းတစ်ရပ်မှာ ဖော်ပြထားမှုအရ အဆိုပါ စစ်သင်္ဘောဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၃ နှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပင်လယ်ရေကြောင်း တိုက်ပွဲတစ်ခုအတွင်း နစ်မြုပ်ခဲ့ကြောင်းနဲ့ သင်္ဘောပေါ်မှာ ရွှေတုံးနဲ့ ရွှေဒင်္ဂါး အမြောက်အမြား တင်ဆောင်ထားခဲ့ကြောင်း သိရပါတယ်။ Dmitrii Donskoi ဟာ စီးနင်းတိုက်ခိုက်ရေး ရုရှားစစ်သင်္ဘောဖြစ်ပြီး ၁၉၀၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Russo-Japanese စစ်ပွဲမှာ ပါဝင်ခဲ့ပါတယ်။ အဆိုပါ စစ်သင်္ဘောဟာ မြေထဲပင်လယ်နဲ့ ရုရှားအရှေ့ဘက်စွန်းပိုင်း ပယ်လယ်ပြင်စစ်ဆင်ရေးတွေမှာ အဓိက ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
Shinil Group ရဲ့ ထုတ်ဖော်ပြောကြားမှု ထွက်ပေါ်လာစဉ်ကတည်းက သံသယအချို့လည်းရှိနေခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ်က BBC သတင်းမှာ ဖော်ပြခဲ့မှုအရ ကျွမ်းကျင်သူအချို့ကတော့ Dmitrii Donskoi ဟာ စစ်သင်္ဘောဖြစ်ပေမဲ့ ယခုလောက်တန်ဖိုးကြီးတဲ့ ရွှေပမာဏကို တင်ဆောင်ထားခဲ့မှုအပေါ် သံသယရှိနေပြီး မွေးခွန်းထုတ်ထားကြပါတယ်။
ဒါ့အပြင် တောင်ကိုရီးယား သတင်းဝက်ဘ်ဆိုက် Chosun Biz ကလည်း ရုရှားစစ်သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ Shinil Group ဟာ ဇွန်လအတွင်းမှသာ တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ရာ ယခုကိစ္စအပေါ် သံသယများ ပိုမြင့်တက်လာခဲ့ကြပါတယ်။
Shinil Group ကတော့ ၎င်းတို့ဟာ ၁၉၅၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Shinil Corporation ကို ဆက်ခံတဲ့ကုမ္ပဏီ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ Shinil Group ကို အမေရိကန်ဒေါ်လာ ၈၈,၀၀၀ ဖြင့်သာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း BBC က ဖော်ပြထားခဲ့ပါတယ်။
Share