ပြည်ပရောက်မြန်မာတိုင်းရင်းသားမိသားစုတွေ စုပေါင်းဂုဏ်ပြုချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ယခုနှစ်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ရရှိခဲ့ပါတယ်။
ဓာတ်ပုံ - ပြည်သူ့ဂုဏ်ရည်
၂၀၁၉ ခုနှစ်အတွက် ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအဖြစ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးချယ်ခဲ့တာဖြစ်ပြီး အဲဒီအကြောင်းကို ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယမန်နေ့နေ့စွဲနဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။
"၃ နှစ်အတွင်း မြို့တော်ကို သိသိသာသာပြောင်းလဲအောင်ဆောင်ရွက်ပေးခဲ့လို့ပါ၊ အစိုးရဌာနတစ်ခုရဲ့ကြိုးစားပြုပြင်ပြောင်းလဲပေးခဲ့တာတွေကို အသိအမှတ်ပြုဂုဏ်ပြုဆုချီးမြှင့်ပေးတဲ့ ပြည်သူ့ဂုဏ်ရည်အသင်းနဲ့ ဆုငွေများလှူဒါန်းပေးသူတွေကို အထူးကျေးဇူးတင်ပါတယ်" လို့ ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးချယ်ခံရတာနဲ့ပတ်သက်ပြီး မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကပြောပါတယ်။
ဓာတ်ပုံ - ပြည်သူ့ဂုဏ်ရည်
ပြည်သူ့ဂုဏ်ရည်ဆုဆိုတာ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုကြတဲ့ပုဂိုလ်နဲ့အဖွဲ့အစည်းတွေ၊ အမှန်တရားဘက်ကရပ်တည်ပေးကြသူတွေ၊ လူမှုဝန်းကျင်အတွက် ရလဒ်ကောင်းဖန်တီးပေးတဲ့ ပုဂိုလ်နဲ့အဖွဲ့အစည်းတွေကို ရွေးချယ်ချီးမြှင့်ပေးအပ်တဲ့ အများပြည်သူဆိုင်ရာဆုတစ်ခုပဲဖြစ်ပါတယ်။
ဓာတ်ပုံ - ပြည်သူ့ဂုဏ်ရည်
ဆုရွေးချယ်တဲ့နေရာမှာ အသင်းရဲ့အခြေခံမူတွေနဲ့စိစစ်ရွေးချယ်တာလို့သိရပြီး မြန်မာပြည်တွင်းက အသင်းအဖွဲ့နဲ့ပုဂိုလ်စုစုပေါင်း ၃၂ ခုထဲကမှရွေးချယ်ခဲ့တာဖြစ်ကြောင်း၊ ဆုရွေး ချယ်မှုနဲ့ပတ်သက်လို့လည်း ယမန်နေ့က အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့မှာကျင်းပတဲ့ဂုဏ်ပြုပွဲအခမ်းအနားမှာ တရားဝင်ကြေညာခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဓာတ်ပုံ - ပြည်သူ့ဂုဏ်ရည်
၂၀၁၉ ခုနှစ် ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရဲ့ အထူးဆုရှင်တွေအဖြစ်ကိုတော့ ဒုရဲမှူးဟောင်းမိုးရန်နိုင်၊ ဒေါ်အိအိငြိမ်း၊ မဆွတ်ဆိုင်းထွယ် နဲ့ Clean Yangon Campaign တို့ကိုရွေးချယ်ခဲ့တယ်လို့လည်း ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကကြေညာထားပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုရှင်နဲ့ အထူးဆုရှင်တွေကို ဧပြီလ ၂၈ ရက်နေ့မှာ မန္တလေးမြို့ Mandalay Convention Center မှာ ဂုဏ်ပြုဆုငွေနဲ့ဆုတံဆိပ်ပေးအပ်ပွဲအခမ်းအနားနဲ့ ဂုဏ်ပြုသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။