စစ်ပွဲ၊ ဖိနှိပ်မှုနဲ့ ပဋိပက္ခတို့ကြောင့် ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း နေအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက်ဟာ မြန်မာနိုင်ငံလူဦးရေထက်ပင် ပိုများခဲ့ပြီး စုစုပေါင်း သန်း ၇၀ ကျော်ရှိခဲ့တယ်လို့ ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees - UNHCR) ရဲ့ Global Trends အစီရင်ခံစာမှာ ဖော်ပြပါတယ်။
(Photo: Schneyder Mendoza/AFP/Getty Images)
နှစ်စဉ်ထုတ်ပြန်တဲ့ Global Trends ရဲ့ ယခုနှစ် အစီရင်ခံစာအရ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း နေအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ ၇၀.၈ သန်းနီးပါးအထိရှိခဲ့ပြီး UNHCR ရဲ့ လုပ်ငန်းဆောင်ရွက်ခဲ့မှု နှစ်ပေါင်း ၇၀ နီးပါးမှာ အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း နေအိမ်စွန့်ခွာရသူဦးရေဟာ ၂၀၁၇ ခုနှစ်ကထက် ၂.၃ သန်း ပိုများလာခဲ့ကြောင်းလည်း အဆိုပါ အစီရင်ခံစာက ပြောထားပါတယ်။
ကမ္ဘာတစ်ဝှမ်း နေ့စဉ် နေအိမ်စွန့်ခွာရသူဦးရေဟာ ပျမ်းမျှအားဖြင့် ၃၇,၀၀၀ ရှိနေတယ်လို့ဆိုပါတယ်။ "ဒီ ကိန်းဂဏန်းတွေအရ ကျွန်တော်တို့ တွေ့နေရတာက စစ်ပွဲ၊ ဖိနှပ်မှုနဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေးရသူဦးရေက ကာလရှည်ကြာ မြင့်တက်နေတယ်ဆိုတာ ပိုပြီးတော့ အတည်ပြုနိုင်တာပါပဲ" လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက ပြောခဲ့ပါတယ်။
(Photo: Reuters)
နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူဦးရေနဲ့ ကမ္ဘာ့လူဦးရေ အချိုးအစားဟာ UNHCR ကို ၁၉၅၀ ပြည့်နှစ်ကုန်ပိုင်းမှာ စတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်း ၁၉၉၂ ခုနှစ်မှာ အမြင့်ဆုံးဖြစ်ခဲ့ဖူးပြီး ထိုစဉ်က ကမ္ဘာ့လူဦးရေ ၁၀၀၀ မှာ ၃.၇ ဦး ဖြစ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ထိုအချိုးအစားဟာ နှစ်ဆကျော်ဖြစ်လာခဲ့ပြီး ကမ္ဘာ့လူဦးရေ ၁,၀၀၀ မှာ ၉.၃ ဦး နေအိမ်စွန့်ခွာရွှေ့ပြောင်းကြရတယ်လို့ အစီရင်ခံစာက ပြောပါတယ်။
ဗင်နီဇွဲလား အကျပ်အတည်းမှ ထွက်ပြေးသူအရေအတွက်ကို တစ်စိတ်တစ်ပိုင်းသာ စာရင်းကောက်ယူနိုင်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း နေအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ ယခု အစီရင်ခံစာမှာ ဖော်ပြနိုင်တာထက်ပင် ပိုများနေခဲ့ဖွယ်ရှိကြောင်းလည်း ကုလသမဂ္ဂကဆိုပါတယ်။
(Photo: Maheder Haileselassie Tadese/AFP/Getty Images)
ဗင်နီဇွဲလားမှ ထွက်ပြေးလာသူတွေကို လက်ခံခဲ့တဲ့ နိုင်ငံများထံမှ စာရင်းတွေအရ ဗင်နီဇွဲလားမှ လူဦးရေ ၄ သန်းခန့် ထွက်ပြေးခဲ့ကြပြီး ကမ္ဘာ့အကြီးဆုံး လတ်တလော နေအိမ်စွန့်ခွာရမှု အခြေအနေလည်း ဖြစ်နေပါတယ်။ Global Trends အစီရင်ခံစာက အဓိက အုပ်စုသုံးခု သတ်မှတ်ခဲ့ပြီး ကိန်းဂဏန်းတွေကို ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။
ပထမအုပ်စုဟာ ပဋိပက္ခ၊ စစ်ပွဲ သို့မဟုတ် ဖိနှိမ်မှုတို့ကြောင့် ၎င်းတို့ရဲ့ နိုင်ငံမှထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ထိုသို့သော ဒုက္ခသည်ဦးရေဟာ ကမ္ဘာတစ်ဝှမ်းမှာ ၂၅.၉ သန်းရှိခဲပြီး ၂၀၁၇ ခုနှစ်ကထက် ၅၀၀,၀၀၀ ပိုများလာခဲ့ပါတယ်။ ပထမအုပ်စု ဒုက္ခသည်တွေအနက် ပါလက်စတိုင်း ဒုက္ခသည်အရေအတွက် ၅.၅ သန်း ပါဝင်တယ်လို့ သိရပါတယ်။ ဒုက္ခသည်အားလုံးရဲ့ ထက်ဝက်ဟာ ကလေးတွေဖြစ်ကြပြီး မိဘမဲ့ ကလေးအရေအတွက် ၁၁၁,၀၀၀ ဟာ မိသားစုမပါဘဲ တစ်ကောင်ကြွက်အဖြစ် နေအိမ်စွန့်ခွာရွေ့ပြောင်းကြရတယ်လို့ UNHCR က ပြောပါတယ်။
(Photo: Getty Images)
အစီရင်ခံစာက သတ်မှတ်ထားတဲ့ ဒုတိယအုပ်စုကတော့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ၃.၅ သန်း ဖြစ်ပါတယ်။ တတိယအုပ်စုကတော့ IDPs (internally displaced persons) ခေါ် ၎င်းတို့နိုင်ငံအတွင်းမှာပင် နေအိမ်စွန့်ခွာ ထွက်ပြေးရသူတွေဖြစ်ကြပြီး ကမ္ဘာတစ်ဝှမ်း ၄၁.၃ သန်းရှိကြောင်း သိရပါတယ်။ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ စာရင်းတွေဟာ ၂၀၁၈ ခုနှစ် နှစ်ကုန်အထိ UNHCR က ရရှိထားတဲ့ စာရင်းတွေလည်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း ဒုက္ခသည်အရေအတွက်ရဲ့ သုံးပုံနှစ်ပုံကျော်ဟာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ တောင်ဆူဒန်၊ မြန်မာနဲ့ ဆိုမာလီယာတို့မှ ဖြစ်ကြတယ်လို့ Global Trends အစီရင်ခံစာက ဖော်ပြပါတယ်။ အဆိုပါ နိုင်ငံများအနက် ဆီးရီးယားမှ ဒုက္ခသည်ဦးရေဟာ အများဆုံးဖြစ်ပြီး ၆.၇ သန်းရှိခဲ့ကာ ဒုတိယအများဆုံးမှာ အာဖဂန်နစ္စတန်မှဖြစ်ပြီး ၂.၇ သန်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် တောင်ဆူဒန်မှ ၂.၃ သန်း၊ မြန်မာမှ ၁.၁ သန်းနဲ့ ဆိုမာလီယာမှ ၉၀၀,၀၀၀ ဖြစ်ကြကြောင်း UNHCR က ပြောထားပါတယ်။
(Infographic: The Guardian)
၂၀၁၈ ခုနှစ်မှာ ဒုက္ခသည်ဦးရေ ၉၂,၄၀၀ မျှကိုသာ ပြန်လည်နေရာချထားပေးခဲ့ပြီး ထိုအရေအတွက်ဟာ ပြန်လည်နေရာချထားပေးမှုကို စောင့်ဆိုင်းနေသူဦးရေရဲ့ ၇ ရာခိုင်နှုန်းအောက် လျော့နည်းတဲ့ပမာဏလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း အတင်းအကျပ် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူဦးရေဟာ ၂၀၀၉ ခုနှစ်မှာ ၄၃.၃ သန်းရှိခဲ့ရာမှာ အများအပြား တိုးပွားလာခဲ့ကြောင်း သိရပါတယ်။ ထိုသို့ တိုးပွားလာမှုအများစုဟာ ၂၀၁၂ နဲ့ ၂၀၁၅ ခုနှစ်ကြားကာလမှာဖြစ်ပြီး ဆီးရီးယားပဋိပက္ခရဲ့ အကျိုးဆက်တစ်ခုဖြစ်ကြောင်း Global Trends အစီရင်ခံစာက ဖော်ပြထားပါတယ်။
Source: UNHCR, AFP, BBC