၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်းမှာ ရင်သားကင်ဆာ ဖြစ်ပွားသူ ဦးရေ ၁၅၀၀ ကနေ ၂၀၀၀ နီးပါးရှိပြီး ၈၀ ရာခိုင်နှုန်းမှာ ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသခဲ့တဲ့ လူနာတွေဖြစ်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေ သိရပါတယ်။
ရင်သားကင်ဆာဖြစ်ပွားမှုဟာ မျိုးရိုးဗီဇရှိတဲ့သူ၊ ဓမ္မတာ စောစီးစွာလာသူ၊ ဓမ္မတာသွေးဆုံးနောက်ကျသူ၊ လုံးဝ ကလေးမမွေးဖွားသူ၊ အသက် ၃၀ ကျော်မှ ကိုယ်ဝန်ဆောင်တဲ့သူတွေမှာ အများဆုံးဖြစ်နိုင်ခြေရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါ ဆေးပညာဌာနမှ ပါမောက္ခဒေါက်တာခင်သင်းမူက ပြောပါတယ်။
“ရန်ကုန်ဆေးရုံမှာ လာရောက်ကုသတဲ့ အမျိုးသမီးကင်ဆာလူနာတွေမှာ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာနဲ့ အများဆုံးလာကြပါတယ်။ ရင်သားကင်ဆာက စောစောသိလို့ စောစောကုရင် သာမန်လူတစ်ယောက်လိုပဲနေနိုင်ပါတယ်။ ရောဂါနဲ့ ပတ်သက်ပြီး လက္ခဏာတွေသိဖို့လည်း ပြည်သူတွေကို ထိထိရောက်ရောက်ပညာပေးဖို့လိုပါတယ်” လို့ ပါမောက္ခ ဒေါက်တာ ခင်သင်းမူက ဆိုပါတယ်။
ရင်သားကင်ဆာ ဖြစ်၊ မဖြစ်နည်းလမ်းတွေကို သိရှိနိုင်ဖို့ ကာယံကံရှင်ကိုယ်တိုင်ရင်သားကို ကိုယ်တွယ် စမ်းသပ်ခြင်း (Self Breast Examanation) ဖြင့် သိရှိနိုင်တာကြောင့် နည်းလမ်းမှန်ကန်စွာ ကိုင်တွယ်ရမည့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ပညာပေးအစီအစဉ်တွေ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
ရင်သားကင်ဆာဟာ ကြိုတင်ကာကွယ်နိုင်တာမျိုးတော့မရှိဘဲ ရင်သားမှာ အလုံးအကြိတ်ဖြစ်ပေါ်ခြင်း၊ ရင်သားနာကျင်ခြင်းများခံစားနေရတယ်ဆိုပါက ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပြီး ရောဂါအခြေအနေကို စောစောကုသမှုပေးနိုင်ရင် ပျောက်ကင်းနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဦးစီးပြီး ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံ၊ ကလေးဆေးရုံ အစရှိတဲ့ အစိုးရဆေးရုံ (၁၈) ရုံမှာ ကင်ဆာရောဂါဖြစ်ပွားမှု အခြေအနေကို ၂၀၁၈ ခုနှစ်က စတင်စစ်တမ်းကောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဆိုပါ စစ်တမ်းပေါ်မူတည်ပြီး ကင်ဆာရောဂါဖြစ်ပွားမှု အနည်းအများကို လေ့လာကာ ဖြစ်ပွားမှုနှုန်းလျှော့ချနိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။