စည်ဖြိုးဟာ ‘’လေးပါးကျော့ရှိန် ဝရဇိန်’’ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းမှာ သူငယ်ချင်းတွေအပေါ် မင်းသွေးရဲ့ ဂရုစိုက်မှုတွေက အမေတစ်ယောက်လိုပဲလို့ တင်စားပြောပြလာပါတယ်။
Photo: စည်ဖြိုးဖေ့စ်ဘွတ်
စည်ဖြိုးက ‘’လေးပါးကျော့ရှိန် ဝရဇိန်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး မင်းသွေးနဲ့အတူတူ ကြိုတင်ပြင်ဆင်ခဲ့ရတဲ့ အကြောင်းတွေကို အမှတ်တရ ဖွင့်ဟခဲ့ပါတယ်။ ဒီဇာတ်ကားထဲက သူတို့ရဲ့ အသားအရေ နီရဲသွားအောင် လုပ်ခဲ့ရတဲ့အကြောင်းကို မီဒီယာတွေကနေတဆင့် ပြောခဲ့တာပါ။
‘’ဇာတ်ကားမရိုက်ခင် တစ်ပတ်လောက်ကြိုပြီးတော့ ရိုက်မယ့်နေရာကို ကျွန်တော်နဲ့ကိုမင်းသွေး သွားခဲ့တယ်။ သွားပြီးတော့ အဲဒီဒေသမှာရှိတဲ့ လူတွေရဲ့ အသားအရေက ဘယ်လိုလဲ ကြည့်တယ်။ ပြီးတော့ မနက် ၉ နာရီလောက်ကနေ ညနေ ၅ နာရီလောက်အထိ သဘက်တွေခင်းပြီး အသားကို နေလောင်အောင် ဖျက်ဆီးခဲ့ကြတယ်။ ၄ ရက်မြောက်မှာ အောင်မြင်ခဲ့ကြတယ်။ အသားတွေ ပက်ကြားအက်သွားတော့လည်း ရှားစောင်းလက်ပတ်တွေနဲ့ အုံလိုက်မှ အသားက နီသွားတယ်’’ လို့ သူကဆိုပါတယ်။
Photo: လေးပါးကျော့ရှိန် ဝရဇိန်
စည်ဖြိုးရဲ့ ‘’ပွဲစား’’ဇာတ်ကောင်ပုံစံပီပြင်ဖို့ ကြိုးစားခဲ့ရတဲ့ အချိန်မှာ မင်းသွေး ရဲ့ ဖေးမကူညီမှုတွေကြောင့်လည်း ပါတယ်လို့ ဆက်လက်ပြောခဲ့ပါတယ်။
‘’ ကျွန်တော့်အသားတွေ ပျက်စီးသွားတော့ ဘာလိမ်းလို့ လိမ်းရမှန်းမသိ၊ ဆပ်ပြာလည်း သိပ်တိုက်လို့မရဘူးဆိုတော့ ကျွန်တော့်ကို ရှားစောင်းလက်ပတ်တွေနဲ့ အုံပေး အဲဒီလိုတွေ လုပ်ပေးခဲ့တယ်။ သူကတော့ အမေလိုပါပဲ’’ လို့ လေးပါးကျော့ရှိန် ဝရဇိန် ရုပ်ရှင်ဇာတ်ကား အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: လေးပါးကျော့ရှိန် ဝရဇိန်
စည်ဖြိုးက ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုနဲ့ ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူ မင်းသွေး ရသင့်တယ်လို့လည်း ဆိုပါတယ်။
‘’ ရစေချင်တာပေါ့ဗျာ။ ကျန်တဲ့သူတွေ တော်ကြတဲ့သူတွေလည်း အများကြီးပါပဲ။ မုန်းစွဲ ဆိုရင်လည်း မုန်းစွဲကလူတွေ အကုန်လုံးရစေချင်တယ်။ ပြီးတော့ ကိုမင်းသွေးပေါ့၊ ကိုမင်းသွေးကတော့ ရသွားသင့်တယ်လို့ ထင်ပါတယ်’’ လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။
Photo: လေးပါးကျော့ရှိန် ဝရဇိန်
စည်ဖြိုးနဲ့ မင်းသွေး ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’လေးပါးကျော့ရှိန် ဝရဇိန်’’ ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသလျက်ရှိပါတယ်။ စည်ဖြိုးကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေရသလို ပြည်ပ အနုပညာရှင်တွေနဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးထားတယ်လို့ သိရပါတယ်။