အောင်မြင့်မြတ်ရဲ့ မင်းသွေးအပေါ်ထားရှိတဲ့ စိတ်ဓာတ်ကို အခုလိုပြောပြလာပါတယ်။ မင်းသွေးဆီကနေ အနုပညာနဲ့ပတ်သက်ပြီး လေ့လာခဲ့ဖူးတယ်လို့ဆိုပါတယ်။
Photo: Aung Myint Myat
သရုပ်ဆောင် အောင်မြင့်မြတ်က မင်းသွေးရဲ့ ဓာတ်ပုံကို သူ့ရဲ့ Facebook Profile မှာ မပြောင်းသေးတဲ့ အကြောင်းတွေပြောပြလာပါတယ်။ အခုချိန်ထိလည်း ရင်ထဲမှာရှိနေတုန်းပဲလို့ Duwun Media ကနေ ပြောပြလာပါတယ်။
‘’ ကျွန်တော်က ဖေ့စ်ဘွတ်အကောင့် ၂ ခုရှိတယ်။ တစ်ခုကိုတော့ သူနဲ့ ပတ်သက်တာတွေ စိတ်ထဲရှိရင် ရှိသလို တင်ဖြစ်တယ်။ ဒီ Profile ကိုလည်း ကျွန်တော်တစ်ယောက်တည်းမဟုတ်ပဲ တင်ထားကြတဲ့သူတွေလည်း ရှိပါတယ်။ အကုန်လုံးရဲ့ ရင်ထဲမှာ သူရှိနေပါသေးတယ်’’ လို့ သူကဆိုပါတယ်။
Photo: Aung Myint Myat
မင်းသွေးနဲ့ အတူ အောင်မြင့်မြတ်ဟာ ဇာတ်လမ်းတိုတစ်ကားပဲ ရိုက်ခွင့်ရလိုက်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း အပြင်မှာတော့ ညီအစ်ကိုအရင်းတွေလို ပေါင်းခဲ့ကြသူတွေဖြစ်လို့ အရမ်းသတိရတယ်လို့ ‘’လေးပါးကျော့ရှိန် ဝရဇိန်’’ ရုပ်ရှင်အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။
‘’ သူနဲ့တောက်လျှောက်သာပေါင်းတာ အတူတူရိုက်ဖူးတဲ့ ဇာတ်ကားဆိုလို့ Short Film လေးတစ်ခုပဲရှိတယ်။ ‘’မိုက်မှောင်’’ ဆိုတဲ့ ဇာတ်လမ်းတိုမှာ သူနဲ့အတူရိုက်ဖြစ်တယ်။ ဒီဇာတ်ကားထဲမှာလည်း သူ တော်တော်ကြီးကို အားစိုက်ထားခဲ့တာ။ အစစအရာရာ တိုင်တိုင်ပင်ပင်နဲ့ လုပ်ခဲ့ရတာတွေရှိတော့ သူ့ကို တော်တော်သတိရပါတယ်’’ လို့ ဆက်လက် ပြောခဲ့ပါတယ်။
Photo: Aung Myint Myat
ဇာတ်လမ်းတို အတူတူရိုက်ခဲ့ရတဲ့ အချိန်မှာ အနုပညာနဲ့ပတ်သက်ပြီး မင်းသွေးဆီက သင်ယူခဲ့ရတာလေးတွေရှိတယ်လို့ဆိုပါတယ်။
‘’ အဲဒီဇာတ်ကားကလည်း ၁၅ မိနစ်၊ မိနစ် ၂၀ စာလောက်ဆိုပေမယ့် သူ တော်တော်ကို ဂရုစိုက်ပါတယ်။ ခေတ်ကလည်း ဂျပန်အထွက်၊ အင်္ဂလိပ်အဝင် တော်လှန်ရေးကာလလည်းဖြစ်နေတဲ့ အချိန်ဆိုတော့ အဝတ်အစားကအစ သူတော်တော်လေး ဂရုစိုက်ခဲ့တယ်။ ကျွန်တော်ဆိုရင် သူ့ကိုမေးပြီး ပြင်ဆင်ရတယ်’’ လို့ သူကဆိုပါတယ်။
Photo: Aung Myint Myat
မင်းသွေးဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ ည ၁၁ နာရီမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဒီနေ့အချိန်ထိလည်း သူ့ကိုချစ်တဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေက သတိတရရှိနေတုန်းပါပဲ။ အောင်မြင့်မြတ်ကိုတော့ ‘’ဥပါယ်တံမျဉ်’’ ရုပ်ရှင်ဇာတ်ကားကြီးထဲက သိန်းစိုး ကာရိုက်တာနဲ့ ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရပြီလို့ သိရပါတယ်။