သရုပ်ဆောင် အေးဝတ်ရည်သောင်းက အကယ်ဒမီနဲ့ လွဲခဲ့ပေမယ့် ပရိသတ်တွေရဲ့ အချစ်ကို ပိုရခဲ့လို့ ပျော်နေပါတယ်။ သူငယ်ချင်းတွေနဲ့ Fan တွေက သူမအတွက် အမှတ်တရပွဲလေးလည်း ပြုလုပ်ပေးခဲ့ပါတယ်။
ဒီနေ့(ဧပြီ၈ရက်)မှာ သရုပ်ဆောင် အေးဝတ်ရည်သောင်းကို သူငယ်ချင်းတွေနဲ့ သူမရဲ့ Fanတွေက အမှတ်တရဂုဏ်ပြုပွဲလေးတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ အေးသောင်းကတော့ အကယ်ဒမီဆုနဲ့ လွဲခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့ အချစ်ကို ပိုမိုရရှိခဲ့တဲ့အတွက် ပျော်လို့နေပါတယ်။
“မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးမှာ မကြာဥ ဖြင့် ပရိတ်သတ်အချစ်တော်ဖြစ်ခဲ့တဲ့ မအေးသောင်း အကယ်ဒမီဆုနှင့် လွဲချော်ခဲ့သော်လည်း အသစ်အိမ် Beauty & Nail Art' မှသူငယ်ချင်းများနဲ့ မအေးသောင်းfan လေးတွေ ပူးပေါင်းပြုလုပ်ပေးတဲ့ အမှတ်တရပွဲလေးမှာ ပရိတ်သတ်ရင်ထဲကဆုလက်ဆောင်များ ပေးအပ်ခဲ့ပါတယ်။ မကြာဥ လည်း အကယ်ဒမီလွဲခဲ့ပေမယ့် ပရိတ်သတ်အချစ်များ ပိုရခဲ့လို့ ပျော်ပါတယ်” ဆိုပြီး ဧပြီ(၈) ရက်နေ့က မုန်းစွဲ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
Photo : မုန်းစွဲ
အားလုံးက ကိုယ်ချစ်တဲ့ အနုပညာရှင်တိုင်းကို အကယ်ဒမီဆု ရစေချင်ကြသလို သူမကိုလည်း သူမကိုချစ်တဲ့ ပရိသတ်တွေက ဆုရစေချင်ကြတဲ့ အပေါ် နားလည်ပါတယ်လို့ ဆိုပါတယ်။
“ကိုယ်နဲ့အလုပ်လုပ်ဖူးတဲ့သူတွေကတော့ အကယ်ဒမီရစေချင်ကြတယ်။ ဒါကတော့လူတိုင်းပါပဲ။ အနုပညာရှင်တိုင်းမှာ သူ့Fanဆိုတာ ရှိတာလေနော်။ ကိုယ့်ကိုချစ်တဲ့သူတွေကလည်း ကိုယ့်ကို ရစေချင်တယ်။ သူ့ကို ချစ်တဲ့သူတွေကလည်း သူ့ကို ရစေချင်တယ်။ ဒါကတော့ လူတိုင်း ဖြစ်နေမှာပါ။ ပေါက်စီကို ရစေချင်တဲ့ သူတွေအားလုံးကို ကျေးဇူးတင်တယ်” လို့ မတ်လ(၂၉) ရက်နေ့က ပြုလုပ်ခဲ့တဲ့ 29 ရတနာဆိုင်ဖွင့်ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။
Photo : မုန်းစွဲ
အေးသောင်းအနေနဲ့ အကယ်ဒမီဆု ရခဲ့သည်ရှိသော် မရခဲ့သည်ရှိသော် မုန်းစွဲ ဇာတ်ကားကြီးဟာ သူ့မအတွက် မှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တယ်လို့ ပြောပါတယ်။ ၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။