စနေညအစောဆုံးပွဲဖြစ်တဲ့ လက်စတာနဲ့စပါးအသင်းတို့ပွဲစဉ်မှာတော့ လက်စတာက စပါးကို ၂-၁ဂိုးနဲ့ အိမ်ကွင်းမှာအနိုင်ရခဲ့ပါတယ်။ လက်စတာအသင်ဟာ VAR ကြောင့် ဦးဆောင်ဂိုးနဲ့လွဲခဲ့ရပေမယ့် VAR ကြောင့်ပဲ စပါးကိုဒုတိယဦးဆောင်ဂိုးမပေးခဲ့ရလို့ အနိုင်ရဖို့အခွင့်အလမ်းရခဲ့တာပါ။
ရမှတ်(၈)မှတ်စီနဲ့ အမှတ်ပေးဇယား အဆင့်(၆)မှာ ရပ်တည်နေတဲ့ လက်စတာနဲ့ အဆင့်(၄)မှာရပ်တည်နေတဲ့ စပါးအသင်းတို့ရဲ့ပရီးမီးယားလိဂ်အစောပိုင်းပွဲစဉ်ကတော့ အကြိတ်အနယ်နဲ့ကြည့်ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ တိုက်စစ်ဖွင့်ကစားပြီး အပြန်အလှန်ထိုးဖောက်ကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်းရခဲ့တာကိုတွေ့ရပါတယ်။ ပွဲချိန် ၁၆မိနစ်မှာ လက်စတာအတွက် အန်ဒီဒီက ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်ကာ ဂိုးအဖြစ်မသတ်မှတ်ပေးခဲ့လို့နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၂၉မိနစ်မှာတော့ စပါးအတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး ဟယ်ရီကိန်းက လက်စတာဂိုးသမား ရှမိုက်ကယ်နဲ့အနီးကပ်အနေအထားကနေ သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ဟယ်ရီကိန်းရဲ့သွင်းဂိုးနဲ့ စပါးအသင်း ၁-ဝဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ချန်ပီယံလိဂ်ကစားထားရတဲ့ စပါးအသင်းကစားပုံ သိသိသာသာကျဆင်းလာပြီး လက်စတာက ပွဲကိုပိုပြီး စိုးမိုးကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၆မိနစ်မှာ အော်ရီရယ်က စပါးအတွက် ဂိုးသွင်းခဲ့ပေမယ့် VAR ပြန်ကြည့်ခဲ့ရာမှာ ဆွန်ဟောင်မင်လူကျွံနေလို့ ဒုတိယဦးဆောင်ဂိုးမဖြစ်ခဲ့ရပါဘူး။ လက်စတာအသင်းရဲ့တိုက်စစ်ကစားပုံပိုကောင်းလာခဲ့ပြီး မိနစ် ၇၀မှာ ရီကာဒိုက ချေပဂိုးသွင်းယူခဲ့သလို ၈၅မိနစ်မှာ မက်ဒီဆင်က အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
လက်စတာအသင်းဟာ ပထမပိုင်းမှာ VAR ကြောင့် ဦးဆောင်ဂိုးနဲ့လွဲခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ VAR ကြောင့်ပဲ စပါးကို ဒုတိယဦးဆောင်ဂိုးမပေးခဲ့ရပဲ ချေပဂိုးနဲ့အနိုင်ဂိုးတွေပြန်သွင်းနိုင်ခဲ့လို့ အနိုင်(၃)မှတ်အရယူနိုင်ခဲ့ပါတယ်။ စပါးအသင်းကတော့ ဦးဆောင်ဂိုးရယူနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ ရှုံးခဲ့ရလို့ ဒီရာသီအဝေးကွင်းနိုင်ပွဲပျောက်ဆုံးနေဆဲဖြစ်ပါတယ်။