ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက မနေ့ညက အက်စတွန်ဗီလာနဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ နောက်ဆုံးမိနစ် အနိုင်ဂိုးမရရှိခဲ့တဲ့အပေါ် ပြစ်တင်ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာ အိမ်ရှင်ဗီလာက နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့တာပါ။
ပွဲအစ (၄) မိနစ်မှာတင် ကူကူရယ်လာရဲ့ Own Goal၊ (၄၂) မိနစ်မှာ ရော်ဂျာစ်ရဲ့ သွင်းဂိုးတွေနဲ့အတူ အူနိုင်းအမ်မရီရဲ့အသင်းက ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ မာဒူအီကီနဲ့ ဂယ်လာဂါတို့ရဲ့ ချေပဂိုးတွေကို ပြန်ပေးလိုက်ရပြီး တစ်ဖက်နှစ်ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခဲ့တာပါ။
မိနစ် (၉၀) မှာတော့ ချဲလ်ဆီးတို့ အနိုင်ဂိုးသွင်းနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီဆာဆီရဲ့ ဒီသွင်းဂိုးက VAR ကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒီဂိုးမတိုင်ခင် ချဲလ်ဆီးနောက်ခံလူ ဘာဒီယာရှီလီက ပြိုင်ဘက်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။
အဲ့ဒါကြောင့်လည်း ချဲလ်ဆီး တောင်ပံကစားသမား မာဒူအီကီ တော်တော်လေး ဒေါသပေါက်ကွဲနေခဲ့ပြီး ကွင်းလယ်ဒိုင်ကို အပြင်းအထန်စောဒကတက်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း သူ့ကို ချဲလ်ဆီးအသင်းဖော်တွေနဲ့နည်းပြအဖွဲ့ဝင်တွေက ဖျန်ဖြေပေးခဲ့ရပါတယ်။
ပွဲအပြီးမှာလည်း ပိုချက်တီနိုက “VAR က ကျွန်တော့်အတွက်တော့ အင်္ဂလန်ဘောလုံးလောကနဲ့ ဘောလုံးရဲ့ပုံရိပ်ကို ဖျက်ဆီးနေတာပါ။ ဒါက သေချာပေါက်ပေးရမယ့် ဂိုးတစ်ဂိုးပါ။ တော်တော်လေးကို မယုံနိုင်စရာကောင်းပြီး ကို့ရို့ကားရားနိုင်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ လွန်ခဲ့တဲ့နှစ်ပတ်ကလည်း မန်စီးတီးနဲ့ပွဲမှာ လက်ထိဘောဖြစ်ခဲ့ပြီး ပင်နယ်တီကျမရခဲ့ပါဘူး” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။