လီဗာပူးပရိသတ်တွေဟာ စပါးနဲ့ လီဗာပူးပွဲအပြီးမှာ ပြောကြားခဲ့တဲ့ စပါးနည်းပြ ပိုစတီကိုဂလူးရဲ့ မှတ်ချက်စကားတွေအပေါ် ဒေါသပေါက်ကွဲပြီး ဝေဖန်နေကြကြောင်း သိရှိရပါတယ်။ စနေနေ့ညက ကစားခဲ့တဲ့ ပွဲမှာ အငြင်းပွားဖွယ်ရာဖြစ်ရပ်တွေနဲ့ စပါးက လီဗာပူးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲရဲ့ ပထမပိုင်းမှာတင် လီဗာပူးကွင်းလယ်လူ ကာတစ်ဂျုံးစ် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရသလို ဒီယက်ဇ်ရဲ့ သွင်းဂိုးကလည်း VAR ကြောင့် မှားယွင်းပယ်ဖျက်ခံခဲ့ရပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းမှာ လီဗာပူးရဲ့ လူစားဝင်ကစားသမား ဂျိုတာ နှစ်ဝါတစ်နီနဲ့ ထပ်မံအထုတ်ခံလိုက်ရပြီး စပါးက နောက်ဆုံးမိနစ်မှာ လီဗာပူး နောက်ခံလူ မာတစ်ပ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူတဲ့ဂိုးကြောင့် အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ဒီယက်ဇ်ရဲ့ သွင်းဂိုးကို မှားယွင်းပယ်ဖျက်ခဲ့မိကြောင်း ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်က တရားဝင်ကြေညာချက်ထုတ်ကာ တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲရလဒ်ကို မပြောင်းလဲနိုင်တော့ဘဲ လီဗာပူးကတော့ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်။
အဆိုပါပွဲအပြီးမှာ စပါးနည်းပြ ပိုစတီကိုဂလူးက “နည်းပညာတွေက ပွဲတစ်ပွဲကို အမှားအယွင်းမရှိအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီအမှားတွေက ပွဲတစ်ပွဲရဲ့ အစိတ်အပိုင်းဆိုတာကို ကျွန်တော်တို့ နားလည်ထားရပါမယ်။ လူတွေက VAR ကို ပြီးပြည့်စုံတဲ့အရာတစ်ခုဖြစ်လာစေမယ်လို့ တွေးနေရင် ဒါက ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း လီဗာပူးပရိသတ်တွေက ပြီးခဲ့တဲ့ စပါးနဲ့ အာဆင်နယ်တို့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲက ပိုစတီကိုဂလူးရဲ့ ပွဲအပြီးပြောစကားကို ပြန်လည်ထောက်ပြကာ ဝေဖန်လှောင်ပြောင်နေကြပါတယ်။ အဆိုပါပွဲမှာ စပါးနောက်ခံလူ ရိုမားရိုးရဲ့ လက်ထိဘောကြောင့် ပင်နယ်တီပေးခဲ့ရပြီး ပိုစတီကိုဂလူးက “လက်ထိဘော စည်းမျဉ်းစည်းကမ်းတွေ ဘယ်လိုရှိလဲဆိုတာကိုတောင် မသိနိုင်တော့ပါဘူး” လို့ ပြောကြားခဲ့ပြီး ဒီစကားကို လီဗာပူးပရိသတ်တွေက ပြန်လည်အစဖော်ကာ ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။