မနေ့ညက,ကစားခဲ့တဲ့ FA Cup ကွာတားဖိုင်နယ်မှာ ဆွမ်ဆီးဘက်ကို သွင်းယူနိုင်ခဲ့တဲ့ မန်စီးတီးရဲ့ချေပဂိုးတွေအပေါ် ဆွမ်ဆီးအသင်းအနေနဲ့ အပြစ်တင်ပြောဆိုနေမယ့်အစား VAR စနစ်ကွင်းထဲမှာ ရှိမနေတာကိုသာ အပြစ်တင်သင့်တယ်လို့ ဂွာဒီယိုလာက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြ ဂွာဒီယိုလာက ဒီဖြစ်ရပ်တွေအတွက် ကွင်းအတွင်းမှာ VAR စနစ်အသုံးမပြုခဲ့တာကိုသာ အပြစ်တင်သင့်တယ်လို့ ပြောခဲ့ပါတယ်။ “မန်စီးတီးရခဲ့တဲ့ ပင်နယ်တီက ပင်နယ်တီမဟုတ်ဘူးဆိုရင်၊ အနိုင်ဂိုးက လူကျွံနေခဲ့တယ်ဆိုရင် ကျွန်တော် ဆွမ်ဆီးအသင်းကို တောင်းပန်ပါတယ်။ ဒါပေမယ့် တကယ်တမ်းက ကွင်းအတွင်းမှာ VAR စနစ် အသုံးမပြုခဲ့တာကို အပြစ်တင်ရမှာပါ။ ဥရောပတစ်ဝှမ်းလုံး အသုံးပြုနေတာကို ဘာကြောင့် ဒီမှာမရှိတာလဲ မေးရမှာပါ။”လို့ ဂွာဒီယိုလာကပြောခဲ့ပါတယ်။
FA Cup ကွာတားဖိုင်နယ်အဆင့်ကစတင်ပြီး VAR စနစ်စတင်အသုံးပြုဖို့ စီစဉ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပွဲတွေမှာ အသုံးမပြုသေးတဲ့အတွက် တပြေးညီဖြစ်စေဖို့ VAR စနစ်ကိုမသုံးဖို့ FA က ဆုံးဖြတ်ခဲ့တာပါ။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ဘာစီလိုနာအသင်းရဲ့ကစားဟန်ဖြစ်တဲ့ တီကီတာကာဟန်ကို နည်းပြ ဂွာဒီယိုလာက ပုံစံသွင်းကစားနေတာဖြစ်လို့ မကြာခဏဆိုသလို လူကျွံသံသယဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိ ဥရောပထိပ်တန်းလိဂ်တွေဖြစ်တဲ့ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါအစရှိတဲ့လိဂ်တွေမှာ VAR စနစ်ကိုသုံးနေပေမယ့် ပရီးမီးယားလိဂ်မှာတော့ လက်ရှိအချိန်အထိ အသုံးပြုခြင်း မရှိသေးပါဘူး။