ဖီဖာရဲ့ ဒိုင်အကြီးအကဲ ကော်လီနာက လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ VAR ရဲ့ နည်းပညာအသစ်ကို စတင်မိတ်ဆက်ပေးသွားမယ်လို့ အတည်ပြုကြေညာလိုက်ပါတယ်။ လူကျွံဘောတွေ၊ ပြစ်ဒဏ်ဘောဖြစ်ရပ်တွေမှာ VAR ပြန်ကြည့်တဲ့အခါ အချိန်ယူရလေ့ရှိတဲ့အပေါ် ပရိသတ်တွေကဝေဖန်နေကြပါတယ်။
အဲ့ဒါကြောင့်လည်း ဖီဖာက ကာတာကမ္ဘာ့ဖလားမှာ လူကျွံဘောဖြစ်ရပ်တွေအတွက် နည်းပညာသုံးပြီး အလိုအလျောက် ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ VAR နည်းပညာကို မိတ်ဆက်ပေးသွားဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒီနည်းပညာကြောင့် ဆုံးဖြတ်ချက်တွေ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး AI ဆော့ဖ်ဝဲကိုအသုံးပြုကာ ကစားသမားတွေနဲ့ ကမ္ဘာ့ဖလားဘောလုံးရဲ့ အထူးအာရုံခံကိရိယာတွေကို ခြေရာခံသွားမှာဖြစ်ပါတယ်။
အလိုအလျောက် ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ VAR နည်းပညာအဖြစ် လက်ရှိနည်းပညာထက် (၁၀) ဆ ပိုမိုမြန်ဆန်မယ့် အာရုံခံကိရိယာကို ဘောလုံးမှာတပ်ဆင်ထားခြင်း၊ ဒီကိရိယာက တစက္ကန့်ကို ဖရိန် (၅၀၀) စာ အချက်အလက်တွေ ထောက်ပံ့ပေးနိုင်ခြင်း။
ကွင်းထဲမှာခြေရာခံကင်မရာ အလုံး (၂၀) တပ်ဆင်ထားခြင်း။
ကစားသမားတိုင်းရဲ့ထိတွေ့မှုတိုင်းကို အတိအကျပြသနိုင်ဖို့ ခြေရာခံအမှတ် (၂၉) မှတ်အထိ AI ဆော့ဖ်ဝဲမှာ ပါဝင်ခြင်း။
ကွင်းအတွင်းရှိ VAR နည်းပညာခန်းတွေမှာ စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်တခုကို နှစ်ခါပြန်စစ်ဆေးနိုင်ခြင်း။
ကွင်းအတွင်းဖန်သားပြင်မှာ ဆုံးဖြတ်ချက်တခုချင်းစီကို ပြသဖို့ သက်ဝင်လှုပ်ရှားနေတဲ့ပုံတွေကို အသုံးပြုနိုင်ခြင်းတို့ ပါဝင်ပါတယ်။
ဒီနည်းပညာကို ပြီးခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုခဲ့ဖူးပြီး အဲ့ဒီပြိုင်ပွဲမှာ ချဲလ်ဆီးက အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ကော်လီနာကတော့ အခု အသစ်အတည်ပြုထားတဲ့ နည်းပညာက အရင်ထက် အဆပေါင်းများစွာ တိကျမြန်ဆန်လာမယ်လို့ အတည်ပြုထားပါတယ်။ “ကျနော်တို့ အခြားအားကစားနည်းတွေကို ဥပမာယူနေမှာမဟုတ်ပါဘူး”
“ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကိုယ်တိုင် ဦးဆောင်လုပ်ဖို့ သတ္တိရှိလို့ပါ။ အခြားအတွေ့အကြုံတွေကို သွားပြီးကြည့်နေရင်လည်း ဆုံးဖြတ်ချက်ချဖို့ ကစားသမားတွေ၊ နည်းပြတွေနဲ့ အချိန်ယူနေရဦးမှာပါ။ ကျနော်က ဘတ်စ်ကတ်ဘောပွဲတွေကိုကြိုက်ပါတယ်။ NBA ပွဲတွေကိုကြည့်လိုက်ရင် သူတို့ရဲ့နည်းပညာတွေကို သဘောကျပါတယ်”
“ခင်ဗျားတို့အနေနဲ့ ကစားသမားတွေက ရေသောက်အမောဖြေနေတာကို တွေ့ရမယ်၊ နည်းပြတွေက နည်းစနစ်ပိုင်းညွှန်ကြားနေမယ်၊ ပရိသတ်တွေကလည်း အခိုက်အတန့်တခုကို ခံစားနေမယ်၊ အချိန်ကုန်သွားတာကို ဘယ်သူမှဂရုစိုက်စရာ မလိုအပ်ပါဘူး” လို့ ကော်လီနာက မှတ်ချက်ပေးခဲ့ပါတယ်။