ဗီယက်နမ်ရဲ့ အကြီးဆုံးတယ်လီကွန်းကုမ္ပဏီဖြစ်တဲ့ Viettel ဟာ စီးပွားဖြစ် 5G ဝန်ဆောင်မှုတွေ ဖြန့်ကြက်သွားမယ်လို့ ဆိုပါတယ်။
ဗီယက်နမ် စစ်တပ်ကနေ ထိန်းချုပ်ထားတဲ့ Viettel ဟာ ကိုယ်ပိုင်ဖန်တီးထားတဲ့ နည်းပညာနဲ့ 5G စီးပွားရေးလုပ်ငန်းသုံး ဝန်ဆောင်မှုတွေ မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ Financial Times က ဖော်ပြထားပါတယ်။ Viettel ဟာ Ericsson ၊ Nokia ၊ Huawei ၊ Samsung နဲ့ ZTE တို့ပြီးရင် 5G ရေဒီယိုကွန်ရက် ပစ္စည်းတွေ ထုတ်လုပ်တဲ့ ဆဌမမြောက် supplier နဲ့ ကိုယ်ပိုင်ကွန်ရက်ပစ္စည်းတွေကို ထုတ်လုပ်နိုင်တဲ့ တစ်ခုတည်းသော အော်ပရေတာ ဖြစ်လာမယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။
Photo: baoxaydung
Viettel ရဲ့ ကိုယ်ပိုင် 5G ပစ္စည်းကိရိယာတွေ သုံးသွားမယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ ဩဂုတ်လက စတင် ကြေညာခဲ့တာပါ။ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကိုတော့ ဥရောပက vendors တွေ ဖြစ်တဲ့ Ericsson နဲ့ Nokia တို့ကနေ ဖြည့်တင်းသွားမယ်လို့လည်း ပြောခဲ့ပါတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့မှာ Viettel ဟာ ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ gNodeB Transceiver နဲ့ ချိတ်ဆက်အသုံးပြုပြီး ပထမဆုံး ဗွီဒီယိုဖုန်းစမ်းသပ်ခေါ်ဆိုမှု လုပ်ခဲ့ပါတယ်။
အခုလို ရုပ်သံခေါ်ဆိုမှုအတွက် လိုအပ်တဲ့ ဆော့ဖ်ဝဲလ်နဲ့ hardware အစိတ်အပိုင်းတွေကို Viettel High Technology သုတေသနနဲ့ ဖွံ့ဖြိုးမှုဌာနဟာ အချိန် ၆ လနဲ့ ဖန်တီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ Viettel ဟာ ဗီယက်နမ်အပြင် အာရှ ၊ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံ ၁၁ နိုင်ငံမှာ ဖောက်သည်ပေါင်း သန်း ၁၁၀ ကျော် ရှိထားပါတယ်။
လန်ဒန်အခြေစိုက် ကမ္ဘာ့သတင်းအချက်အလက်စစ်တမ်းကုမ္ပဏီ IHS Markit မှ ဈေးကွက်စောင့်ကြည့်သူ စတီဖင်နီတာရဲလ်ကတော့ Viettel ရဲ့ အလားအလာပေါ် အကောင်းမြင်ထားပါတယ်။
"Viettel ဟာ သူ့နိုင်ငံ (ဗီယက်နမ်) ဈေးကွက်ကိုပဲ အာရုံစိုက်နေဦးမှာပါ။ ပြီးမှ နိုင်ငံခြားဈေးကွက်တွေ ဖြစ်တဲ့ ဘူရန်ဒီ ၊ ကမ္ဘောဒီးယား ၊ ကင်မရွန်း ၊ အရှေ့တီမော ၊ ဟေတီ ၊ လာအို ၊ မိုဇမ်ဘစ် ၊ မြန်မာ နဲ့ တန်ဇနီးယား နိုင်ငံလိုမျိုး သူ့အရင်ရှိပြီးသား ကွန်ရက် vendors တွေ မရောက်သေးတဲ့ နိုင်ငံတွေမှာ 5G ဝန်ဆောင်မှုပေးသွားဖို့ ရှိပါတယ်။ တကယ်လည်း ဆဌမအင်အားစု ဖြစ်လာပါမယ်။"
Photo: Saigoneer
Viettel ဟာ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် အော်ပရေတာ ဖြစ်တဲ့ MyTel မှာလည်း ရှယ်ယာ ၄၉% ပိုင်ဆိုင်ထားတဲ့ တယ်လီကွန်းကုမ္ပဏီ ဖြစ်ပါတယ်။ လာမယ့် ဇွန်လထဲမှာViettel ဟာ ဗီယက်နမ် စစ်တပ်နဲ့ အရပ်ဘက်သုံး 5G မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုတွေကို စတင်သွားဖို့လည်း ရည်ရွယ်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်နှစ်အတွင်း ဖြန့်ကြက်နိုင်ဖို့ မျှော်မှန်းထားပါတယ်။