ရံပုံငွေအစီအစဉ်ကနေ မဲပေါက်ခဲ့တာပါ

ကာရစ်ဘီယံကျွန်းစုမှ မိခင်နဲ့သမီးဖြစ်သူတို့နှစ်ဦးဟာ Virgin Galactic နဲ့အတူ အာကာသထဲ ခရီးထွက်ဖို့ ကံစမ်းမဲပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဗြိတိန်အာကာသလုပ်ငန်းရှင် ရစ်ချတ်ဘရန်ဆန်ပိုင် Virgin Galactic ကုမ္ပဏီနဲ့ ပရဟိတရံပုံငွေပလက်ဖောင်း Omaze တို့ပူးပေါင်းပြီး အာကာသခရီးစဉ် ကံစမ်းမဲအတွက် မဲဖောက်ပေးခဲ့တာပါ။ ဒီအစီအစဉ်ဟာ အာကာသထဲ လူသားတို့ရောက်ရှိရေး ရည်ရွယ်တဲ့ Space For Humanity အဖွဲ့အစည်းရဲ့ Citizen Astronaut Program အတွက် ရံပုံငွေရှာဖွေဖို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ 



Citizen Astronaut Program ဟာ ၈ ပတ်အတွင်း လူပေါင်း ၁၆၄၃၃၈ ဦးဆီကနေ ဒေါ်လာ ၁.၇ သန်း အလှူငွေရခဲ့တယ်လို့ Virgin Galactic က ခန့်မှန်းပါတယ်။ အစီအစဉ်မှာ တစ်ဦး ၁၀ ဒေါ်လာလှူပြီး ဒီထဲကနေ အာကာသထဲ အလည်အပတ်ထွက်ခွင့် ခရီးသွားလက်မှတ်နှစ်စောင် မဲဖောက်ဖို့ လုပ်ခဲ့တာပါ။ ဒီအစီအစဉ်အတွက် နိုင်ငံပေါင်း ၂၀၀ ကျော်က အာကာသခရီးသွားဖို့ စိတ်ဝင်စားသူတွေ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

Photo: TechCrunch

အာကာသခရီးသွားခွင့် ကံထူးသူနှစ်ဦးဟာ ကာရစ်ဘီယံကျွန်းစုထဲက Antigua and Barbuda နိုင်ငံသူ ကိုင်ရှာအက်စ်နဲ့ သူ့မရဲ့သမီးတို့ ဖြစ်တယ်လို့ Engadget သတင်းက ဖော်ပြပါတယ်။ ကိုင်ရှာအက်စ်ဟာ ကျန်းမာရေးနည်းပြတစ်ဦးဖြစ်ပြီး သမီးကတော့ အာကာသရူပဗေဒဆိုင်ရာကျောင်းသူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ကိုင်ရှာအက်စ်တို့ သားအမိဟာ Virgin Galactic ရဲ့ Unity Space အာကာသယာဉ်ပျံနဲ့ စုစုပေါင်း ဒေါ်လာ ၉ သိန်းတန် အာကာသထဲ လိုက်ပါခွင့် လက်မှတ်တွေ မဲပေါက်ခဲ့တာပါ။ 

"ကွန်ဂရက်ကျူလေးရှင်း ၊ ကိုင်ရှာအက်စ်ရေ။ အာကာသထဲ သင် သွားရတော့မယ်။"လို့ ကုမ္ပဏီရဲ့ Tweet မှာ ရေးခဲ့ပါတယ်။ "ကျွန်မဖြင့် အာကာသထဲ ပျံသန်းဖို့ တစ်သက်လုံးစိတ်ကူးယဉ်ခဲ့တာပါ။ အခုတော့ကျွန်မအတွက် အိပ်မက်တွေ တကယ်ဖြစ်လာပြီလေ"လို့ ကိုင်ရှာက ပြောပါတယ်။ 

Photo: Engadget


Virgin Galactic ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ Unity 22 မစ်ရှင်နဲ့ ပထမဆုံးအကြိမ် သမိုင်းဝင်အာကာသခရီးစဉ် ပျံသန်းမှု လုပ်ဆောင်ခဲ့ပြီး ဒီခရီးစဉ်မှာ ကုမ္ပဏီတည်ထောင်သူ ရစ်ချတ်ဘရန်ဆန်လည်း လိုက်ပါခဲ့ပါတယ်။ Virgin Galactic ရဲ့ SpaceShipTwo မှာ ခရီးသည်ထိုင်ခုံ ၆ ခု ပါပြီး လက်မှတ်တစ်စောင် အကြမ်းဖျဉ်း ဒေါ်လာ ၂ သိန်းခွဲနဲ့ ရောင်းချရာကနေ အခုဆို ဒေါ်လာ ၄ သိန်းခွဲဈေးအထိ တက်သွားခဲ့ပါတယ်။ 

ဒေါ်လာ ၄ သိန်းခွဲအထိ ဈေးတက်သွားတဲ့နောက်မှာတောင် လက်မှတ်အစောင်ရေ ၁၀၀ ထပ်ရောင်းခဲ့ရပြီးနောက် လက်ရှိအချိန်အထိ အာကာသလက်မှတ်အစောင်ရေ ၇၀၀ အထိ ရောင်းချပြီးဖြစ်ကြောင်း ကုမ္ပဏီက ကြေညာထားပါတယ်။ Virgin Galactic ရဲ့ အာကာသခရီးစဉ်မှာ လိုက်ပါဖို့ စာရင်းသွင်းထားသူတွေထဲမှာ နာမည်ကျော်ပုဂ္ဂိုလ်တွေ ဖြစ်ကြတဲ့ ဂျက်စတင်ဘီဘာ ၊ လီယိုနာဒို ဒီကာပရီယို နဲ့ Tesla CEO အီလွန်မတ်တို့လို ဆယ်လီတွေလည်း ပါဝင်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က