VarCamp - 2022 မှာ ခေတ်ပေါ် နည်းပညာသစ်တွေအကြောင်း ဖလှယ်သွားကြမှာပါ

မြန်မာနိုင်ငံရဲ့ အကြီးဆုံးနဲ့ သက်တမ်းအရှည်ကြာဆုံး BarCamp ပွဲတစ်ခုဖြစ်တဲ့ BarCamp (Yangon) ကို ဒီနှစ်မှာ ပထမဆုံးအကြိမ် အွန်လိုင်းကနေ ကျင်းပသွားမယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။ 

BarCamp Yangon ကို ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ဆက်တိုက်ကျင်းပနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ မျက်မှောက်အခြေအနေတွေကြောင့် ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီနှစ်မှာ အွန်လိုင်းကနေ ပြန်ကျင်းပသွားမယ့် ဘားကမ့်ကို VarCamp-2022 လို့ နာမည်ပေးထားပြီး ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ VarCamp - 2022 မှာလည်း အရင်နှစ် လူတွေ့ဟောပြောဆွေးနွေးကြတဲ့ BarCamp တွေရဲ့ အစဉ်အလာအတိုင်း ကျင်းပဖို့ စီစဉ်ထားပါတယ်။





အွန်လိုင်း BarCamp ဖြစ်တဲ့အတိုင်း အင်တာနက်ရတဲ့ ဘယ်နေရာကမဆို နည်းပညာဆိုင်ရာ ဗဟုသုတနဲ့ အသိအမြင်တွေ တက်ရောက်နားထောင်/ဆွေးနွေး/ဟောပြောဖလှယ်နိုင်မှာ ဖြစ်ပါတယ်။ VarCamp - 2022 မှာ ပြည်တွင်းအပြင် နိုင်ငံတကာရောက် မြန်မာတွေထဲကလည်း တက်ရောက်ပြောကြားဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ Speaker အနေနဲ့ တက်ရောက် ပြောကြားနိုင်ဖို့အတွက်လည်း Speaker Registration ကို VirtualCamp ဝက်ဘ်ဆိုက်ကနေ ဖွင့်ပေးသွားမယ်လို့ ဆိုပါတယ်။ 

VarCamp-2022 မှာ ပြောကြားချိန် တစ်ချိန်ကို ၁ နာရီ သတ်မှတ်ပေးထားပြီး သတ်မှတ်ချိန်အတွင်း မပြီးပါကလည်း Virtual Camp Lobby မှာ ဆက်ပြီး ပြောကြားနိုင်မှာ ဖြစ်ပါတယ်။ VarCamp-2022 အတွက် Volunteer များကိုလည်း VarCamp ရဲ့ Facebook စာမျက်နှာ https://www.facebook.com/VarCamp ကနေ ခေါ်ယူထားပြီး ပွဲအတွင်း အခက်အခဲတစ်စုံတစ်ရာ ကြုံလာရင်လည်း Help Desk ကနေ တစ်ဆင့် Volunteer တွေကနေ ကူညီပေးသွားမယ်လို့ ဆိုပါတယ်။ 




ဒီနှစ် VarCamp-2022 မှာ ခေတ်ပေါ် နည်းပညာနဲ့ လူနေမှုသစ်တွေ ဖြစ်တဲ့ Remotework ၊ NFT ၊ BTC ၊ Survival ၊ EDU ၊ Machine Learning ၊ Big Data ၊ ERP ၊ Oracle ၊ Banking ၊ Freelance ၊ Linux ၊ Security စတဲ့ ဘာသာရပ်တွေအကြောင်း ဆွေးနွေးပြောကြားသွားကြဖို့ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံး Barcamp ကို ၂၀၀၅ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအယ်လ်တိုမှာ ကျင်းပခဲ့ပြီး တက်ရောက်သူ ၂၀၀ ခန့်ရှိခဲ့တယ်လို့ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာတော့ ဘားကမ့်ပွဲတွေကို ကျင်းပရာမှာ နောက်က မြို့နာမည်ထည့်ပြီး ဘားကမ့်ရန်ကုန် ၊ ဘားကမ့်မန္တလေး စသည်ဖြင့် ကျင်းပကြပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလထဲမှာ ကျင်းပသွားခဲ့တဲ့ ဘားကမ့်ရန်ကုန်ပွဲမှာ တက်ရောက်သူပေါင်း ၆၄၀၀ ကျော်နဲ့ တက်ရောက်သူအများဆုံး ဘားကမ့်ပွဲတစ်ခုအဖြစ် စံချိန်တင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က