VMware ရဲ့ အကြွေး ၈ ဘီလျံပါ ဆပ်ပေးသွားမှာပါ

အမေရိကန် Chip ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Broadcom ဟာ ကုမ္ပဏီရဲ့ သမိုင်းမှာ အကြီးဆုံးလုပ်ငန်းဝယ်ယူမှု ပြုလုပ်လိုက်ပါတယ်။ 

ကြာသာပတေးနေ့က Broadcom ရဲ့ ထုတ်ပြန်ချက်ထဲမှာ နာမည်ကျော် Cloud Computing ကုမ္ပဏီ VMware ကို ငွေသားနဲ့ စတော့ခ်ရှယ်ယာ ဒေါ်လာ ၆၁ ဘီလျံပေးပြီး ဝယ်ယူလိုက်ပြီလို့ ဖော်ပြထားပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ လုပ်ငန်းသက်တမ်းမှာ အကြီးမားဆုံးနဲ့ အရဲရင့်ဆုံး ဝယ်ယူမှုတစ်ခုလို ဆိုနိုင်ပါတယ်။ Broadcom အနေနဲ့ ကုမ္ပဏီရဲ့ စီးပွားရေးနယ်ပယ်ကို Enterprise ဆော့ဖ်ဝဲလ်လောကထဲ လက်လှမ်းဖို့အတွက် ဒီဝယ်ယူမှုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ 




VMware ကို Broadcom ဝယ်လိုက်တာဟာ ဒီနှစ်အတွက် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဒုတိယအကြီးဆုံး လုပ်ငန်းလက်လွှဲဝယ်ယူမှုလို့ ဆိုရမှာပါ။ ဒီနှစ်ထဲမှာပဲ Microsoft Corp ဟာ ထိပ်တန်း Video Game ကုမ္ပဏီ Activision Blizzard Inc ကို ဒေါ်လာ ၆၈.၇ ဘီလျံနဲ့ ဝယ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ Broadcom ကတော့ VMware ရှယ်ယာတစ်စုကို ငွေသား ၁၄၂.၅၀ ဒေါ်လာ ဒါမှမဟုတ် Broadcom ရှယ်ယာ ၀.၂၅၂၀ နှုန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး VMware ရဲ့ အသားတင်အကြွေး ဒေါ်လာ ၈ ဘီလျံကိုလည်း Broadcom ကပဲ ဆပ်ဖို့ သဘောတူထားတာပါ။ 

ဒီဝယ်ယူမှုကြောင့် Broadcom ရှယ်ယာ ၃.၅% တက်ခဲ့သလို VMware လည်း ရှယ်ယာ ၃.၁% မြင့်တက်ခဲ့ပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ လက်ထက်မှာ စိုက်ပျိုးရေးကနေ နည်းပညာအထိ ကဏ္ဍစုံ ပြိုင်ဆိုင်မှုတိုးမြှင့်ဖို့ တွန်းအားပေးချိန်မှာ Broadcom က VMware ကို ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။ ဒီဝယ်ယူမှုကနေ Broadcom အနေနဲ့ ဝန်ဆောင်ခဈေးမြှင့်တာမျိုး လုပ်မလားဆိုပြီး ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်ဘက်က စိုးရိမ်မှုတွေ ရှိနိုင်တယ်လို့ Vanderbilt တက္ကသိုလ် ဘဏ္ဍာရေးဆိုင်ရာ လက်ထောက်ပါမောက္ခဂျို့ချ်ဝှိုက်က တွက်ဆပါတယ်။



VMware မှာ နာမည်ကျော် Dell Technologies ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မိုက်ကယ်ဒဲလ်က ရှယ်ယာ ၄၀% နဲ့ သူ့ရဲ့ပုဂ္ဂလိကရင်းနှီးမြှပ်နှံရေးလုပ်ငန်း Silver Lake တို့က ၁၀% ပိုင်ဆိုင်ထားပါတယ်။ VMware ဘက်က Broadcom ထက် မက်လုံးပေး ဝယ်ယူသူကို ရက် ၄၀ အတွင်း ထပ်ရှာခွင့်ရှိပြီး ဒီကာလကျော်မှ တခြားသူရဲ့ ကမ်းလှမ်းမှုကို လက်ခံမယ်ဆိုရင် Broadcom ကို စာချုပ်ဖျက်သိမ်းခ ဒေါ်လာ ၁.၅ ဘီလျံ ပေးရမှာပါ။ သက်တမ်းမကုန်ခင် တခြားဝယ်လက်နဲ့ အရောင်းအဝယ်ဖြစ်ရင်တော့ နစ်နာကြေး ဒေါ်လာသန်း ၇၅၀ ပေးရမှာ ဖြစ်ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က