ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးတာပါတဲ့။

စင်ရော်မောင်မောင်ဟာ ဝါရင့်အနုပညာရှင်ကြီးတွေကိုယ်တိုင် ပြောခဲ့တဲ့ ဒီမှတ်တမ်း ဗီဒီယိုကို သူ့ဘဝတစ်လျှောက်လုံး သိမ်းဆည်းထားမယ်လို့ဆိုပါတယ်။ 

Photo: Zin Yaw Mg Mg

ဒါရိုက်တာ စင်ရော်မောင်မောင်ကတော့ အောက်တိုဘာလ(၁၃) ရက်နေ့မှာ ကျရောက်မယ့် ရုပ်ရှင် နှစ်(၁၀၀) ပြည့် အမှတ်တရအဖြစ် ဝါရင့်သရုပ်ဆောင်ကြီးတွေ ဖြစ်တဲ့ ဘိုကလေးတင့်အောင်၊ ဦးဝင်းဖေ၊ ဝါဝါဝင်းရွှေ၊ ဒေါ်ခင်သန်းနု၊ ဒေါ်မြင့်မြင့်ခင်၊ ကျော်သူ၊ ရန်အောင်၊ ထက်ထက်မိုးဦးနဲ့ မေသန်းနု တို့ရဲ့ အနုပညာဖြတ်သန်းမှု အတွ့အကြုံတွေကို ဗီဒီယို မှတ်တမ်း တစ်ခုပြုလုပ်ထားတယ်လို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။ 

" ဝါရင့်အနုပညာရှင် (၉) ယောက်ကို ကျွန်တော် ရိုက်ကူးပြီးသွားပါပြီ။ ရုပ်ရှင် နှစ်(၁၀၀) ပြည့်က ကပ်နေပြီ။ အဲဒီတော့ သူတို့ ကျန်းကျန်းမာမာရှိနေတုန်းဖြစ်တဲ့အတွက် နှစ်(၁၀၀) အတွက်လည်း ရည်ရွယ်တယ်၊ ကျွန်တော့် ဘဝတစ်လျှောက်လုံးအတွက်လည်း သိမ်းထားချင်တယ်။ သူတို့ရဲ့ အဆိုအမိန့်တွေ၊ ဒဿနတွေကို ကျွန်တော် ယူလိုက်တယ်။ ဘဘ ဘိုကလေးတင့်အောင်သည် အလိမ္မာ စာမှာရှိသည်ဆိုတဲ့အတိုင်း မင်းတို့ စာဖတ်ပါ ဆိုပြီးတော့ ပြောသွားတယ်။ ဦးဝင်းဖေသည် ရဲရဲတွေး၊ ရဲရဲပြော၊ မှန်တာလုပ်ဆိုတာကို ပြောသွားပါတယ်။ ကျော်သူကတော့ ဘယ်လောက် အာဏာရှိရှိ၊ ဘယ်လောက်ချမ်းသာသာ၊ ဘယ်လောက်ပဲ ပိုက်ဆံရှိရှိ သေခြင်းတရားကို လွန်ဆန်လို့မရသလို အယူခံဝင်လို့လည်း မရဘူးဆိုတာ ပြောတယ်။ ဒေါ်ခင်သန်းနုကတော့ စိတ်အလှကို ပြောသွားတယ်။ ဒေါ်ဝါဝါဝင်းရွှေကျတော့ သူ့ရဲ့ ပန်းချီ၊ အနုပညာအပြင် သိပ်ကောင်းတဲ့ ဆုံးမစကားတွေ ပြောထားတယ်။ မဆင့်ကကျတော့ သီလရှင်ဘဝမှာ အေးချမ်းတယ်ဆိုတဲ့အကြောင်းပြောသွားတယ်" လို့ ဆိုပါတယ်။ 

Photo: Zin Yaw Mg Mg

အဲဒီနောက် ရုပ်ရှင်နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးတဲ့ မှတ်တမ်းထဲမှာ အကယ်ဒမီ ထက်ထက်မိုးဦး ပြောသွားတဲ့ စကားလုံးတွေက အဓိပ္ပာယ်တွေ အများကြီးရှိခဲ့တယ်လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ဆိုပါတယ်။ 

" ထက်ထက်ရဲ့ စကားကျတော့ ကျွန်တော် တော်တော်ကို ဟတ်ထိသွားတယ်။ ဘဝမှာ သူအကြီးအကျယ်တွေ အောင်မြင်ခဲ့တယ်။ ကောင်းကင်ကြီးတစ်ခုလုံး သူရှိခဲ့တယ်။ အကြီးအကျယ်လည်း ကျဆုံးခဲ့ရတယ်။ ဒါပေမယ့် ဒီနေ့အထိ သူ ခိုင်ခိုင်မာမာ ဆက်သွားနိုင်တာဟာ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာတွေကြောင့်ပါတဲ့။ ဒီစကားကို အရမ်းသဘောကျတယ်။ ဘာပဲဖြစ်ဖြစ် ဒါကို မျှဝေလိုက်တဲ့ အခါမှာ ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွက် အမှတ်တရလည်းဖြစ်မယ်။ နောင်လာနောင်သား အနုပညာသမားတွေအတွက် ကောင်းမွန်တဲ့ အရာဖြစ်မယ်လို့လည်း ကျွန်တော် မြင်ပါတယ်"ဆိုပြီးတော့ မင်းသန့်မောင်မောင် ရဟန်းဝတ်တဲ့နေ့မှာ ဖြေဆိုခဲ့တာပါ။ 

Photo: Zin Yaw Mg Mg

စင်ရော်မောင်မောင် ကတော့ အနုပညာလောကမှာ အောင်မြင်မှု အခိုင်အမာရရှိထားတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ရေးမန်နေဂျာအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး " မောင်" ဗီဒီယိုဇာတ်ကားနဲ့ နာမည်ကြီးလာသူ ဖြစ်ပါတယ်။ ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင်တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြာတောင်ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။



Share

Loading Next Article...
က္က