ကစားသမားအနေနဲ့ သူကိုယ်တိုင်အသင်းသစ်တစ်သင်းကိုရှာဖွေနေပြီး အသင်းဟောင်းအေဂျက်ဇ်ကလည်း သူ့ကို ပြန်ခေါ်ဖို့ ကြိုးစားနေပါတယ်။
နာမည်ကြီးသတင်းထောက်တစ်ဦးဖြစ်တဲ့ Gianluca Di Marzio ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ လူးဝစ္စဆွာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာကနေ ထွက်ခွာရတော့မယ့် ဆွာရက်ဇ်ကိုယ်တိုင်ကလည်း ဂျူဗီကို ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ဘာကာနည်းပြသစ်ရော်နယ်ကိုးမန်းက သူ့ရဲ့စီမံကိန်းတွေထဲမှာ ဆွာရက်ဇ်ကို ထည့်သွင်းထားခြင်းမရှိဘူးလို့ ကစားသမားနဲ့ ပြောဆိုခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီအတွက်ကြောင့် ကစားသမားအနေနဲ့ သူကိုယ်တိုင်အသင်းသစ်တစ်သင်းကိုရှာဖွေနေပြီး အသင်းဟောင်းအေဂျက်ဇ်ကလည်း သူ့ကို ပြန်ခေါ်ဖို့ ကြိုးစားနေပါတယ်။
ဥရုဂွေးတိုက်စစ်မှူးနဲ့ ဘာစီလိုနာတို့ဟာ စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသေးပေမယ့်လည်း အလွတ်ထွက်ခွာခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာဘက်က စာချုပ်ကိုဖျက်သိမ်းခဲ့မယ်ဆိုပါက လျော်ကြေးအနေနဲ့ ဆွာရက်ဇ်ဟာ ယူရို ၂၅သန်းရရှိမယ်လို့ သိရပြီး နှစ်ဦးနှစ်ဖက်ကြားမှာ အဆိုပါကိစ္စအတွက် ညှိနှိုင်းနေကြပါတယ်။
အန်ဒရီပီယာလိုကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တဲ့ ဂျူဗီကလည်း အသင်းရဲ့ စီမံကိန်းအသစ်တွေအတွက် ဆွာရက်ဇ်ကို ရေတိုကာလအသုံးပြုဖို့ ပစ်မှတ်ထားလာခဲ့ပြီဖြစ်ပါတယ်။ ရော်နယ်ဒိုတစ်ဦးတည်းအပေါ်မှာသာ မှီခိုနေရမှုအပေါ် လျှော့ချနိုင်ဖို့ နဲ့ ဟီဂူအင်ထွက်ခွာတော့မယ့် တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းဖို့ ဆွာရက်ဇ်က အကောင်းဆုံးရွေးချယ်စရာတစ်ခုအဖြစ်ရှိနေပါတယ်။
ဂျူဗီနဲ့ ဘာစီလိုနာတို့ဟာ အာသာမယ်လို နဲ့ ပီယာနစ်တို့ကို အလဲအထပ်ပြုလုပ်ထားကြပြီး ဆက်ဆံရေးကောင်းတွေ ရှိနေတာကလည်း အားသာချက်တစ်ခုအဖြစ် ရှိနေပြီး ဆွာရက်ဇ်ကို ခေါ်ယူမယ့်ကိစ္စကလည်း အဆင်ပြေချောမွေ့ဖွယ်ရာရှိနေပါတယ်။