သူနဲ့ Google တည်ထောင်သူရဲ့ ဇနီးတို့ ချစ်ကြိုက်ခဲ့ကြောင်း ဖော်ပြခဲ့တဲ့ The Wall Street Journal ကို နီကိုး ရှာနာဟန်ဘက်က တရားစွဲသင့်တယ်လို့ အီလွန်မတ်စ်က ပြောကြားခဲ့ပါတယ်။
Google နည်းပညာကုမ္ပဏီလုပ်ငန်းစုကြီးကို တည်ထောင်ခဲ့သူနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဆာဂီဘရင်းရဲ့ ဇနီးသည် နီကိုး ရှာနာဟန်ဟာ ဘရင်းရဲ့ မိတ်ဆွေဖြစ်သူ Tesla သူဌေး အီလွန်မတ်စ်နဲ့ ချစ်ကြိုက်ခဲ့ကြပြီး ဒီကိစ္စကြောင့် ဘရင်းနဲ့ သူ့ဇနီးတို့ အိမ်ထောင်ရေးကွာရှင်းပြတ်စဲတဲ့ အဆင့်ရောက်ခဲ့ကြောင်း The Wall Street Journal ဘက်က ပြီးခဲ့တဲ့ တနင်္ဂနွေဗန့က ဖော်ထုတ်ရေးသားခဲ့တာပါ။ ဒီသတင်းမှာပဲ အီလွန်မတ်စ်ဟာ သူ့လုပ်ရပ်အတွက် ဘရင်းကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်တောင်းပန်ခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။
The Wall Street Journal ရဲ့ သတင်းမှာ Tesla ဘီလျံနာ အီလွန်မတ်စ်ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ နစ်ကိုး ရှာနာဟန်နဲ့ ချစ်ကြိုက်ခဲ့ကြပြီး ဒီသတင်းကို ဆာဂီဘရင်း ကြားပြီးနောက် သူ့ဇနီးကို ကွာရှင်းပြတ်စဲဖို့ ဇန်နဝါရီလထဲမှာ ကွာရှင်းခွင့်တင်ခဲ့တယ်လို့ ဆိုပါတယ်။ The Wall Street Journal ရဲ့ သတင်းကို အီလွန်မတ်စ်က ငြင်းဆန်ခဲ့ပြီး လုံးဝအဓိပ္ပါယ်မရှိတဲ့ကိစ္စလို့ ပြောခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က သူ့ရဲ့ Tweet ထဲမှာ သူနဲ့ ရှာနာဟန်တို့အကြောင်း မဟုတ်မမှန် သတင်းရေးခဲ့တဲ့အတွက် ရှာနာဟန်အနေနဲ့ The Wall Street Journal ကို တရားစွဲသင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ သူဟာ ဆာဂီဘရင်းနဲ့ စကားပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
"ကျော်ကြားတဲ့ လူတစ်ယောက်အနေနဲ့ သတင်းဌာနအဖွဲ့အစည်းတစ်ခုနဲ့ အသေရေဖျက်မှုတရားစွဲဆိုမှုမှာ အနိုင်ရဖို့က မဖြစ်နိုင်သလောက်ပါပဲ။ သူတို့က ပြောလိမ့်မယ်။ ကျနော်က စေတန်ပါ။ သတင်းအရင်းအမြစ်က သူတို့ရဲ့အကြားအမြင်ဆရာတွေပါလို့။" လို့ မတ်စ်က Tweet မှာ ရေးထားပါတယ်။ "နီကိုးက နာမည်ကျော်ကြားတဲ့ Public Person တစ်ယောက်မဟုတ်လို့ သူဆို အမှုနိုင်နိုင်တယ်။ သူတို့ကို သူမဘက်က တရားစွဲဖို့ မျှော်လင့်ပါတယ်။"
ရှာနာဟန်ရဲ့ ရှေ့နေ ဘာရန် ဖရိဒ်မန်းဘက်ကလည်း သူ့ရဲ့ အမှုသည်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပါတယ်။ New York Post နဲ့ Daily Mail တွေကို ပေးပို့တဲ့ ဖရက်ဒ်မန်းရဲ့ ထုတ်ပြန်ချက်ထဲမှာ "ဘာအမှားမှ မလုပ်လိုက်ပါနဲ့။ နီကိုးနဲ့ အီလွန်မတ်စ်တို့ ချစ်ကြိုက်ခဲ့ကြတယ်ဆိုပြီး ယူဆချက်တွေဆိုတာ လုံးဝဥဿုံအလိမ်အညာဖြစ်သလို အသရေဖျက်ရာလည်း မြောက်တယ်"လို့ ဖော်ပြထားပါတယ်။
The Wall Street Journal ကို ထုတ်ဝေတဲ့ Dow Jones ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဘက်ကတော့ "ကျွန်တော်တို့ သတင်းပေး အရင်းအမြစ်တွေအပေါ် ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်တို့ သတင်းအပေါ် ရပ်တည်ချက်ရှိပါတယ်။" လို့ ပြောပါတယ်။ The Wall Street Journal ရဲ့ သတင်းထဲမှာ မတ်စ်နဲ့ ရှာနာဟန်တို့ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက မိုင်ယာမီမှာ ကျင်းပတဲ့ Art Basel ပွဲမှာ ဇာတ်လမ်းတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီအချိန်က ဘရင်းနဲ့ ရှာနာဟန်တို့ အတူနေနေပေမယ့် စိတ်ဝမ်းကွဲနေကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။
သတင်းထဲမှာ မတ်စ်ဟာ သူ့အမှားအတွက် ဒီနှစ်ဆန်းမှာ ကျင်းပခဲ့တဲ့ ပါတီတစ်ခုမှာ ဘရင်းကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဘရင်းဘက်က မတ်စ်ရဲ့ တောင်းပန်ချက်ကို လက်ခံခဲ့ပေမယ့် စကားဟဟ မပြောတော့ဘူးလို့လည်း The Wall Street Journal က ပြောပါတယ်။ လဆန်းပိုင်းက The Insider သတင်းထဲမှာ အီလွန်မတ်စ်ဟာ သူ့ပိုင် Neurolink ကုမ္ပဏီရဲ့ အထူးပရောဂျက်တွေကို ကိုင်တွယ်နေတဲ့ ရှီဗွန် ဇီးလစ်ဆိုသူ ဒါရိုက်တာတစ်ဦးနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ချစ်ကြိုးသွယ်ခဲ့ပြီး အမွှာနှစ်ဦး ရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။