အသက် ၄၁ နှစ်အရွယ် ကာတာစော်ဘွားက ယူနိုက်တက်ကို ဝယ်ယူဖို့ ကမ်းလှမ်းထားပါတယ်။

မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့အတွက် ကာတာစော်ဘွားတဦးဖြစ်တဲ့ ရှိတ်ယက်ဆင်ဘင်ဟာမက်အယ်လ်သာနီက ကမ်းလှမ်းလိုက်ပါပြီ။ ဂလေဇာမိသားစုဘက်က အဆိုပြုထားတဲ့ နောက်ဆုံးထားကမ်းလှမ်းရမယ့် ရက်မှာ တရားဝင်ကမ်းလှမ်းခဲ့တာဖြစ်ပြီး ပေါင် ၅ ဘီလျံလောက်အထိ ပေးချေသွားလိမ့်မယ်လို့ အားလုံးက ယူဆနေကြပါတယ်။ အယ်လ်သာနီတို့ဘက်ကလည်း သူတို့ ကမ်းလှမ်းတဲ့အကြောင်းကို အတည်ပြုခဲ့ပြီး ဒီကမ်းလှမ်းမှုရဲ့ နောက်ကွယ်က သူနဲ့ ပတ်သက်ပြီးတော့ သိထားသင့်တဲ့အချက်တွေက ရှိနေပါတယ်။ 

 ရှိတ်ယက်ဆင်ဘင်ဟာမက်အယ်လ်သာနီက ၁၉၈၂ မှာ မွေးဖွားခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တဦးလို့ ဆိုပါတယ်။ သူ့ရဲ့ ဖခင်ကတော့ ဟာမက်ဘင်ယာဆင်ဘင်ဂျဘားအယ်လ်သာနီဖြစ်ပြီး ကာတာရဲ့ ဝန်ကြီးချုပ်အဖြစ် ၂၀၀၇ ကနေ ၂၀၁၃ အထိ တာဝန်ယူခဲ့သူပါ။ ပြင်သစ်ကလပ် ပီအက်စ်ဂျီကို ပိုင်ဆိုင်ခဲ့ပြီးနောက် အားကစားအသိုင်းအဝိုင်းမှာ ကျော်ကြားလာခဲ့သူလည်းဖြစ်ပါတယ်။ 

အယ်သာနီက အင်္ဂလန်မှာ ကျောင်းတက်ခဲ့သူဖြစ်ပြီး တော်ဝင်စစ်တပ်အကယ်ဒမီ Sandhurst မှာ အရာရှိဗိုလ်လောင်းအဖြစ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ ဒီနောက်မှာတော့ သူ မွေးတဲ့နှစ်မှာ တည်ထောင်ခဲ့တဲ့ ကာတာရဲ့ ထိပ်တန်းဘဏ်တွေထဲက တခုဖြစ်တဲ့ QIB (Qatar Islamic Bank) ရဲ့ ဥက္ကဌအဖြစ် အခု တာဝန်ယူနေပါတယ်။ ဗြိတိန်အပြင် ကမ္ဘာတဝှမ်းမှာ သူတို့က ဘဏ်ခွဲတွေဖွင့်လှစ်ထားပြီး ဘဏ္ဍာရေးအရ တောင့်တင်းခိုင်မာမှု အပြည့်အ၀ရှိတယ်ဆိုတာ ယုံကြည်ရပါတယ်။ 

ဆက်စပ်သတင်းတွေမှာ ဖော်ပြထားချက်အရဆိုရင် အယ်လ်သာနီက ယူနိုက်တက်ကို အမာခံအားပေးသူဖြစ်ပြီး ဒီအသင်းကို ဝယ်ယူဖို့ ကြိုးစားရာမှာ စီးပွားရေးအရ အမြတ်အစွန်းတွေရဖို့အတွက်ကို ဦးစားမပေးထားဘူးလို့ ဆိုပါတယ်။ ယူနိုက်တက်ပရိသတ်တဦးက ယူနိုက်တက်ကို ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ အနေအထားမျိုးကိုသာ သူက ပိုမိုဦးစားပေးနေပြီး ဝယ်ယူရာမှာလည်း သူ တည်ထောင်ထားတဲ့ 92 Foundation အနေနဲ့ ကြိုးစားနေတာပါ။ ဒီဖောင်ဒ​ေးရှင်းကလည်း ယူနိုက်တက်ရဲ့ ၉၂ ရွှေရောင်မျိုးဆက်တွေကို ကိုယ်စားပြုတဲ့ နာမည်ဖြစ်တယ်လို့လည်း သိရပါတယ်။ 

အယ်လ်သာနီဘက်က ထုတ်ပြန်ခဲ့တဲ့ အတည်ပြုချက်မှာတော့ "မန်ချက်စတာယူနိုက်တက်ကို ဘောလုံးလောကမှာ ကျော်ကြားပြီး ကမ္ဘာ့အကောင်းဆုံးအသင်းတသင်းအဖြစ် ပြန်လည်သတ်မှတ်ခံရဖို့အတွက်ပါ" ဆိုတဲ့ အချက်ကို ထည့်သွင်းရေးသားခဲ့ပါတယ်။ ဒီအချက်က ယူနိုက်တက်ပရိသတ်တွေကို ဆွဲဆောင်နိုင်စွမ်းရှိမှာဖြစ်ပြီး အယ်လ်သာနီနဲ့အပြိုင်ကမ်းလှမ်းထားတဲ့ ဗြိတိန်သူဌေးကြီးဆာဂျင်မ်ရက်ကလစ်ဖ်ကို အသာစီးရမယ်လို့လည်း ယုံကြည်နေပြီး ကာတာအုပ်စုက ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့လည်း မျှော်လင့်နေကြပါတယ်။ 

Share

Loading Next Article...
က္က