မလေးရှားဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့ဘ်က ခွင့်ရက်ယူထားပြီး အားလပ်ရက် ခရီးထွက်ရန်စီစဥ်ထားတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ရေကြီးမှုပြဿနာ ဖြေရှင်းပြီးချိန်အထိ ၎င်းတို့ရဲ့ အစီအစဥ်တွေ ဖျက်သိမ်းထားကြရန် ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။
(ရေဘေးသင့် ပြည်သူတွေနဲ့ တွေ့ဆုံခဲ့သည့် ဝန်ကြီးချုပ်အစ္စမေးလ်) (Photo: Bernama)
လက်ရှိ နိုင်ငံရပ်ခြားမှာ ရောက်ရှိနေကြတဲ့ ဝန်ကြီးများအားလုံးကိုလည်း နိုင်ငံကို ချက်ချင်းပြန်လာကြရန် ဝန်ကြီးချုပ်အစ္စမေးလ်က ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) ပြောခဲ့ပါတယ်။ "ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ပတ်သက်ပြီး ကျွန်တော် အများကြီး မေးခွန်းထုတ်ခံနေရပါတယ်၊ ဒါကြောင့် တကယ်လို့ သူတို့ ခွင့်ယူထားပြီး အားလပ်ရက် ခရီးထွက်ဖို့ ပြင်ဆင်နေတယ်ဆိုရင် အဲဒီအစီအစဥ် ဖျက်သိမ်းစေချင်ပါတယ်" လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
"တကယ်လို့ သူတို့ နိုင်ငံရပ်ခြားမှာရောက်နေတယ်ဆိုရင်လည်း ချက်ချင်းပြန်လာကြပါ" လို့ ဝန်ကြီးချုပ်အစ္စမေးလ်က ရေကြီးမှုဖြစ်ခဲ့တဲ့ Pahang ပြည်နယ် Bentong နယ်မြေရှိ Sekolah Kebangsaan Bukit Piatu ကျောင်းမှာ ရွှေ့ပြောင်းနေထိုင်ကြရတဲ့ ရေဘေးသင့်ပြည်သူတွေထံ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
(ရေကြီးမှုမြင်ကွင်းတစ်ခု) (Photo: AFP)
ဝန်ကြီးချုပ်က ရေဘေး ပြန်လည်ထူထောင်ရေးကို အာရုံစိုက်ရန် ထိုင်းနိုင်ငံကို ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ သွားရောက်ရှိနေတဲ့ ၎င်းရဲ့ အလုပ်ခရီးစဥ်ကိုလည်း ရွှေ့ဆိုင်းသွားမယ်လို့ ဆိုပါတယ်။ "လုံခြုံရေးတပ်ဖွဲ့ဝင်အနေနဲ့လည်း ပြည်သူတွေ သူတို့ရဲ့အိမ်တွေကို ပြန်လာနိုင်တဲ့အခါ သန့်ရှင်းရေးလုပ်ရာမှာ အကူအညီပေးရေး အာရုံစိုက်ကြဖို့ ပြောလိုပါတယ်" လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
မလေးရှားကျွန်းဆယ်မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကုန်က နှစ်ပေါင်း ၁၀၀ အတွင်း တစ်ကြိမ်သာကြုံရတာဖြစ်တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ပါတယ်။ ရေကြီးမှုများအတွင်း လူ ၄၁ ဦး သေဆုံးပြီး အခြား ၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးချုပ် Acryl Sani Abdullah Sani က အတည်ပြုခဲ့ပါတယ်။
(ရေဘေးသင့်သူတွေကို ရွှေ့ပြောင်းပေးစဥ်) (Photo: AFP)
ရေကြီးမှုတွေကြောင့် ဆီလန်ဂေါပြည်နယ်မှာ လူ ၂၅ ဦး သေဆုံးခဲ့ပြီး စံချိန်တင် အများဆုံးဖြစ်ခဲ့ကြောင်းနဲ့ Pahang ပြည်နယ်မှာ ၁၅ ဦး၊ Kelantan မှာ တစ်ဦးသေဆုံးခဲ့ပါတယ်။ Pahang ပြည်နယ်မှာ အမျိုးသား ၇ ဦးနဲ့ ကလေးငယ် ယောက်ျားလေးတစ်ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။ မလေးရှားကျွန်းဆွယ်ရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ သောကြာနေ့ (ဒီဇင်ဘာ ၁၇ ရက်) နှောင်းပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နှစ်ပေါင်း ၁၀၀ အတွင်း တစ်ကြိမ်သာကြုံရတဲ့ မိုးရွာသွန်းမှုဖြစ်စဥ်လို့ ဆိုပါတယ်။
"ကွာလာလမ်ပူမှာ နှစ်စဥ် မိုးရေချိန်က ၉၄ လက်မ ဖြစ်ပါတယ်၊ အခု သောကြာနေ့ (ဒီဇင်ဘာ ၁၇ ရက်) မိုးရွာသွန်းမှုက တစ်လအတွင်း ပျမ်းမျှ မိုးရေချိန်ကို ကျော်လွန်ခဲ့ပါတယ်၊ ဒါက ခန့်မှန်းထားတာထက် ကျော်လွန်ခဲ့ပြီး နှစ်ပေါင်း ၁၀၀ မှာ တစ်ကြိမ်သာကြုံရတာပါ" လို့ Environment and Water Ministry (KASA) အထွေထွေညွှန်ကြားရေးမှူး Zaini Ujang ရဲ့ ပြောကြားမှုကို ကိုးကားပြီး Bernama သတင်းက ဖော်ပြပါတယ်။