ရီးရဲလ်မက်ဒရစ်ရဲ့ ဘယ်နောက်ခံလူကြီး မာဆယ်လိုဟာ အသင်းကနေ ထွက်ခွာပြီလို့ မနေ့က ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးတဲ့ပွဲအပြီးမှာ အတည်ပြုလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးကို ဗီနီရှပ်စ်ရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့တာပါ။
မာဆယ်လိုဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ဒီမတိုင်ခင်မှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သူ့ရဲ့အေးဂျင့်နဲ့အသင်းကြား ဆွေးနွေးမှုတွေရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးဆုံးချိန်မှာတော့ မာဆယ်လိုက အခုလိုပဲ အတည်ပြုပေးခဲ့တာပါ။
အသက် (၃၄) နှစ်အရွယ် မာဆယ်လိုက “အရမ်းကို ကောင်းမွန်တဲ့ အခိုက်အတန့်ပါပဲ။ ခင်ဗျားက အသင်းရဲ့ ပထမအသင်းခေါင်းဆောင်အဖြစ်နဲ့ ဆုဖလား ကိုင်မြှောက်ဖို့ အိပ်မက်မက်ခဲ့မှာပါ။ ကျနော် ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းခေါင်းဆောင်အဖြစ်နဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရတဲ့ တယောက်တည်းသော ဘရာဇီးသားပါ”
“ရက်ရက်စက်စက် ခံစားရပါတယ်။ အခု ဒီပွဲက ကျနော့်အတွက် ရီးရဲလ်မက်ဒရစ် ကစားသမားဘဝ နောက်ဆုံးပွဲဖြစ်ခဲ့ပါပြီ။ ဒါပေမယ့် ကျနော် အရ်မးပျော်ပါတယ်။ ဝမ်းနည်းရမယ့်နေ့ မဟုတ်ပါဘူး။ ကျနော်က ပျော်စရာတွေ အများကြီးနဲ့ အသင်းကို ချန်ထားရစ်ပြီး ထွက်သွားတာပါ”
“ပရိသတ်တွေနဲ့ ဘာနေဗျူးမှာ ဖန်တီးခဲ့တဲ့ မှော်ဝင်ညတွေကို ကျနော် ကျေးဇူးတင်နေမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ စုစုပေါင်း ဆုဖလား (၂၅) လုံး ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းသမိုင်းတလျှောက် ဆုဖလားအများဆုံးရရှိထားတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။