ဓာတ်ဆားရည်မကြိုက်တဲ့ကလေးတွေဆိုရင် ရေ၊ဆား၊ သကြားဓာတ်ပါဝင်တဲ့ အရည်မျိုးကို တိုက်ပေးသင့်ပါတယ်။

ကလေးတွေဟာ မွေးကင်းစအရွယ်ကစပြီး ဝမ်းပျက်ဝမ်းလျှော အဖြစ်များကြပြီး အဓိက အန္တရာယ်က ရေဓာတ်ဆုံးရှုံးခြင်းပဲ ဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကနေ ရေဓာတ်ဆုံးရှုံးခြင်းကြောင့်ပဲ သေဆုံးကြတဲ့ ဖြစ်စဥ်တွေ ဖြစ်ပွားနေရပါတယ်။



 ဒီလိုမျိုး ကလေးတွေမှာ အဖြစ်များတဲ့ ဝမ်းပျက် ဝမ်းလျှော ရောဂါအတွက် အကောင်းဆုံးကုသနည်းတွေနဲ့ ပတ်သက်လို့ ကလေးမိဘတွေ သိသင့်တဲ့အကြောင်းတွေကို ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက ပြောပြပေးသွားမှာဖြစ်ပါတယ်။

Photo - hoiannow

ဝမ်းပျက်ဝမ်းလျှောအတွက် ထိရောက်တဲ့ ဓာတ်ဆားရည်

ဓာတ်ဆားရည်ဆိုတာ လွန်ခဲ့တဲ့ နှစ် ၅၀၊ ၆၀ လောက်က ပေါ်လာတာဖြစ်ပြီး ဓာတ်ဆားရည်ပေါ်လာ ရခြင်းကတော့ ၂၀ ရာစု ရဲ့ တန်ဖိုးအရှိဆုံး တွေ့ ရှိချက်လို့ တင်စားရမလိုတောင် ဆိုရမယ်လို့ ပါမောက္ခဒေါက်တာစောဝင်းက ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝမ်းပျက် ဝမ်းလျှောဖြစ်တဲ့အခါမှာ ရေဓာတ်၊ ဆားဓာတ်၊ သကြားဓာတ်တွေ ဆုံးရှုံးသွားပြီး အူရောင်နေတာမျိုးဖြစ်ပါတယ်။ အဲဒီအခါမှာ ရေ၊ ဆားနဲ့ သကြားအချိုဓာတ်တို့ပါဝင်တဲ့ ဓာတ်ဆား ရည်ကသာ အူကို စုပ်ယူနိုင်တာဖြစ်ပါတယ်။ ဓာတ်ဆားက ကိုယ်တွင်းက အရည်ပမာဏကို ထိန်းညှိပေးနိုင်တဲ့ သွေးတွင်းဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်စနစ်တွေကို အကောင်းဆုံး လည်ပတ်မှုပေးနိုင်တာဖြစ်ပါတယ်။

ဓာတ်ဆားရည်ကို အချိုးကျကျဖျော်စပ်ပါ။

ဓာတ်ဆားရည်ကို ပါဝင်တဲ့ အချိုးအစားအတိုင်းဖျော်စပ် ရပါတယ်။ ကျဲအောင်ဖျော်လို့မရသလို ပျစ်အောင် ဖျော်လို့လည်း မရပါဘူး။ စနစ်တကျဖျော်ထားတဲ့ ဓာတ်ဆားကို တိုက်လိုက်တဲ့အခါ အူယောင်နေတဲ့ အချိန်မှာတောင် ခန္ဓာကိုယ်ထဲကို စုပ်ယူနိုင်ပြီး ဝေဒနာကို သက်သာစေနိုင်ပါတယ်။ 

ဝမ်းပျက်ဝမ်းလျှောချိန်မှာ သောက်သုံးရတဲ့ ဓာတ်ဆားရည်ဟာ ရေဓာတ်၊ ဂလူးကို့စ် (သကြားဓာတ်)၊ ဆိုဒီယမ် (ဆားဓာတ်) နဲ့ ပိုတက်စီယမ် (ပြာဓာတ်)တွေကို အချိုးကျကျပါဝင်ထည့်ထားတာဖြစ်လို့ ရေဓာတ်၊ဆားဓာတ်၊ သကြားဓာတ် ဆုံးရှုံးမှုတွေအတွက် ထိရောက်လျင်မြန်သက်သာတဲ့ ကုသနည်းတစ်ခုဖြစ်ပါတယ်။

Photo - Healthline

ဓာတ်ဆားရည်နဲ့ ညီမျှတဲ့ အစားထိုးသောက်စရာတွေ

တချို့ကလေးတွေက ဓာတ်ဆားရည်မကြိုက်တာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုမျိုး ဓာတ်ဆား ရည်မကြိုက်တဲ့ကလေးတွေ ဆိုပါက ရေ၊ဆား၊ သကြားဓာတ်ပါဝင်တဲ့ အရည်မျိုးကို တိုက်တိုက်ပေးသင့်ပါတယ်။

ကလေးတွေအတွက် ဓာတ်ဆား ရည်အစားထိုး တိုက်ကျွေးလို့ ရတဲ့ အရည်တွေ ရှိပါတယ်။ ဥပမာ အုန်းစိမ်း ရည် - အုန်းစိမ်းရည်မှာ ဆိုဒီယမ် ပိုတက်ဆီယမ် ဂလူးကိုစ့် ရေတွေပါဝင်တဲ့အတွက်ကြောင့် ဓာတ်ဆားရည်နဲ့ တော်တော်လေးနီးစပ်မှု ရှိပါတယ်။ဒါ့အပြင် အဲဒါလို နီးစပ်မှု ရှိတဲ့ ရေ ဆား သကြားတို့ပါဝင်တဲ့ ဆန်ပြုတ်၊ ထမင်းရည် ဆားခတ်၊ စွပ်ပြုတ် ဆားခတ်သောက်တာမျိုးတွေက ဓာတ်ဆားအလွယ်တကူမ ရနိုင်တဲ့အခြေအနေ၊ဓာတ်ဆားရည်တွေ မကြိုက်တဲ့ကလေးတွေအတွက် အထူးသင့်လျော်တဲ့ ကုသနည်းတစ်ခုဆိုပါကလည်း မမှားပါဘူး။

Photo - happyfamilyorganics

ဝမ်းပျက်ဝမ်းလျှောဖြစ်ချိန်မှာ ဓာတ်ဆားရည်သာ အဓိကပါ

ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ အစားအသောက်တွေဖြတ်၊ ရေဖြတ်လိုက်တာ လုံးဝမှားတဲ့လုပ်ရပ်ဖြစ်ပါတယ်။ တကယ်တော့ ဒီရောဂါဗိုင်းရပ်စ်ပိုးဖြစ်တယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ ထုတ်လာပြီး လူ့ခန္ဓာကိုယ် အူနံရံ ကနေပြီးတော့ အူထဲမှာ စိမ့်ထွက်ရေတွေ အများကြီး ထွက်လာရာကနေ အူထဲမှာ စိမ့် ရေတွေများလာလို့ ဝမ်းပျက်ဝမ်းလျှောရခြင်းဖြစ်ပါတယ်။ ဒါကြောင့် အူထဲကနေ ရေစိမ့်ထွက်မှုကို ကာကွယ်တားဆီးခြင်းအားဖြင့် ဝမ်းသွားတဲ့ ပမာဏ၊ ဝမ်းသွားတဲ့ အချိန်ကာလကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

 ဝမ်းပျက်ဝမ်းလျှောဖြစ်ချိန်မှာ ရေဓာတ်ခန်းခြောက်ခြင်းကို ကုသခြင်းဟာ အဓိက အရေးကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ဆားရည်သည် အဓိကဖြစ်ပြီး လိုအပ်ပါက အကြောဆေးသွင်းခြင်းသာ ထိရောက်တဲ့ကုသမှုပါ။ ဒီနည်းလမ်းတွေကတော့ ဝမ်းပျက်ဝမ်းလျှောအတွက် အထောက်အကူအနေနဲ့ အတော်အသင့်အသုံးပြုလို့ ရတဲ့ ကုသနည်းတွေဖြစ်ပါတယ်။ 

ဒါ့အပြင် ကလေးတွေ ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ၆ လအောက်ကလေးတွေမှာ မိခင်နို့တစ်မျိုးတည်းကို သာ စနစ်တကျ တိုက်ကျွေးသင့်ပါတယ်လို့ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက အကြံပြုထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က