တရုတ်စမတ်ဖုန်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Xiaomi ဟာ ဝန်ထမ်းအင်အား ထောင်နဲ့ချီ အလုပ်ဖြုတ်ဖို့ လုပ်နေပြီလို့ ဆိုပါတယ်။
ဟောင်ကောင်အခြေစိုက်သတင်းစာတစ်စောင်ဖြစ်တဲ့ South China Morning Post သတင်းအရ Xiaomi Corp ဟာ ဝန်ထမ်းစုစုပေါင်းရဲ့ ၁၅% ကို လူလျှော့သွားမယ်လို့ ဖော်ပြထားပါတယ်။ လူမှုကွန်ရက်ပလက်ဖောင်းတွေ ဖြစ်တဲ့ Weibo ၊ Xiaohongshu နဲ့ Maimai တို့မှာလည်း Xiaomi ကနေ အလုပ်ပြုတ်လာတဲ့ ဝန်ထမ်းတွေရဲ့ ပို့စ်တွေ ပလူပျံနေပါတယ်။ အလုပ်ဖြုတ်ခံရတဲ့ ဝန်ထမ်းတွေဟာ Xiaomi စမတ်ဖုန်းနဲ့ အင်တာနက်ဝန်ဆောင်မှုစီးပွားရေးပိုင်းက ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Photo: firstpost
South China Morning Post သတင်းအရ စက်တင်ဘာ ၃၀ ရက်နေ့အထိ Xiaomi မှာ ဝန်ထမ်းအင်အား ၃၅၃၁၄ ဦး ရှိပြီး ဝန်ထမ်း ၃၂၀၀၀ ကျော်ဟာ တရုတ်ပြည်မကြီးက ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။ ထောင်နဲ့ချီတဲ့ အလုပ်ဖြုတ်ခံရသူတွေထဲက အများစုဟာ ပြိးခဲ့တဲ့နှစ် အလုပ်ခေါ်ယူချိန်က ကုမ္ပဏီကို ရောက်လာခဲ့သူတွေ ဖြစ်တယ်လို့လည်း အတည်ပြုပါတယ်။ Xiaomi ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ်ကတော့ လူလျှော့တဲ့ကိစ္စကို တိုက်ရိုက်ပြောခြင်း မရှိပေမယ့် ကုမ္ပဏီဟာ လုပ်ငန်းလည်ပတ်မှု ချောမွေ့ရေး လုပ်ဆောင်ထားတယ်လို့ မှတ်ချက်ပေးပါတယ်။
"Xiaomi ဟာ အဖွဲ့အစည်းလိုက် ညီညွတ်ချောမောမှု ၊ တစ်ဦးချင်း ပုံမှန်လုပ်ငန်းဆောင်တာ အကောင်းဆုံးဖြစ်စေရေးတို့ကို မကြာသေးခင်က အကောင်အထည်ဖော်ထားပါတယ်။ ဒါက စုစုပေါင်း ဝန်ထမ်းအင်အားရဲ့ ၁၀% အောက် သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒီကိစ္စမှာ သက်ရောက်မှုရှိခဲ့သူတွေကို စည်းမျဉ်းဥပဒေတွေနဲ့အညီ လျော်ကြေးပေးထားပါတယ်။" လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက Al Jazeera ကို ပြောပါတယ်။
COVID-19 ကန့်သတ်ချက် ၊ ဖောက်သည်ဝယ်လိုအား ကျဆင်းမှု နဲ့ အီလက်ထရွန်းနစ် သွင်းကုန်ပို့ကုန်အပေါ် တရုတ်အစိုးရရဲ့ စည်းမျဉ်းကန့်သတ်မှုတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ Xiaomi ရဲ့ တတိယသုံးလပတ်ဝင်ငွေဟာ ၉.၇% ကျဆင်းခဲ့ပါတယ်။ တတိယသုံးလပတ်ရောင်းအားဟာ ပြီးခဲ့တဲ့နှစ်ကာလတူက ယွမ် ၇၈.၀၆၃ ဘီလျံ (ဒေါ်လာ ၁၁.၁၈ ဘီလျံ) ရှိရာကနေ ယွမ် ၇၀.၁၇ ဘီလျံ (ဒေါ်လာ ၉.၈၁ ဘီလျံ) ကို ကျဆင်းခဲ့ပြီး အသားတင်ဝင်ငွေလည်း ယွမ် ၅.၁၇၆ ဘီလျံ (ဒေါ်လာ သန်း ၇၄၀) ကနေ ၂.၁၂ ဘီလျံ (ဒေါ်လာ ၃၀၃ သန်း) ကို ကျဆင်းခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၅၉.၁% အထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။
Photo: economictimes
Xiaomi ရောင်းအားရဲ့ ၆၀% ခန့်ဟာ စမတ်ဖုန်းရောင်းအားက လာပြီး ၂၀၂၄ ခုနှစ်မှာ Apple ကို ကျော်ပြီး နံပါတ် ၁ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်လာအောင် ရည်မှန်းထားပါတယ်။ လောလောဆယ်တော့ တတိယသုံးလပတ် ကမ္ဘာ့စမတ်ဖုန်းရောင်းအားဟာ အလုံးရေ ၂၉၇.၈ သန်းနဲ့ နှစ်အလိုက်ရောင်းအား ၉% ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံအတွင်း တင်ပို့မှုဟာ ၁၁% နှုန်းနဲ့ အလုံးရေ သန်း ၇၀ လျော့ကျခဲ့တယ်လို့လည်း Canalys က ဖော်ပြထားပါတယ်။