ကာကွယ်ဆေးထိုးပြီးသူဦးရေ မြင့်တက်လာခြင်းနဲ့ ကန့်သတ်ချက်များ ရုပ်သိမ်းလိုက်ခြင်းကြောင့် ခရီးသွားလာမှု များပြားလာခဲ့ပါတယ်

အမေရိကန်လေကြောင်းလိုင်း (American Airlines) က ဝန်ထမ်းမလုံလောက်မှုနဲ့ ရာသီဥတုဆိုးရွားမှုကြောင့် လေကြောင်းခရီးစဥ် ၁,၄၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရကြောင်း အောက်တိုဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အမေရိကန်လေကြောင်းလိုင်းက စနေနေ့ (အောက်တိုဘာ ၃၀ ရက်) အတွက် လေကြောင်းခရီးစဥ် ၅၅၁ ခု၊ တနင်္ဂနွေနေ့ (အောက်တိုဘာ ၃၁ ရက်) အတွက် ၄၅၀ ခုနဲ့ သောကြာနေ့ (အောက်တိုဘာ ၂၉ ရက်) မှာ လေကြောင်းခရီးဥ် ၃၇၆ ခုကို ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။ ကြာသပတေးနေ့ (အောက်တိုဘာ ၂၈ ရက်) မှာ လေပြင်းတိုက်ခတ်မှုနဲ့အတူ ကုမ္ပဏီရဲ့ ဒါးလက်စ်မြို့ရှိ ရုံးခန်းမှာ အခက်အခဲများ စတင်ကြုံခဲ့ရပြီး လေကြောင်းခရီးစဥ်တွေအတွက် ဝန်ထမ်းနေရာချထားရန် နှောင့်နှေးခဲ့ရကြောင်း လေကြောင်းလိုင်းအကြီးအကဲ David Seymour က ဝန်ထမ်းတွေကို ပြောကြားခဲ့ပါတယ်။



(Photo: Reuters)

ရာသီဥတုဆိုးရွားမှုအပြင် လေကြောင်းခရီးစဥ်များ စတင်နိုင်ရန် ဝန်ထမ်းမလုံလောက်မှုလည်း ဖြစ်ပေါ်နေခဲ့တယ်လို့ ၎င်းကဆိုပါတယ်။ လာမယ့် နိုဝင်ဘာလအစပိုင်းမှာတော့ လေကြောင်းခရီးစဥ်တွေကို အဆင်ပြေချောမွေ့စွာ အလျင်အမြန် ပြန်စနိုင်မယ်လို့ မျှော်လင့်ထားကြောင်း David Seymour က ပြောပါတယ်။

COVID-19 ကပ်ရောဂါဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လေကြောင်းလိုင်းဝန်ထမ်း ၁,၈၀၀ ဟာ ယခုအခါ လုပ်ငန်းခွင်ပြန်ဝင်ရန် အသင့်ဖြစ်နေပြီး နောက်ထပ် ဝန်ထမ်း ၆၀၀ နဲ့ လေဆိပ်ဝန်ထမ်း ၄,၀၀၀ ကိုလည်း ခန့်အပ်သွားမယ်လို့ အမေရိကန်လေကြောင်းလိုင်း အကြီးအကဲက ကြေညာပါတယ်။

(Photo: Reuters)

အမေရိကန်လေကြောင်းလိုင်းဟာ ပုံမှန်အားဖြင့် ကမ္ဘာတစ်ဝန်း နိုင်ငံ ၅၀ ရှိ နေရာပေါင်း ၃၅၀ ကို နေ့စဥ် လေကြောင်းခရီးစဥ် ၆,၇၀၀ ဝန်ဆောင်မှုပေးနေခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာ ကာကွယ်ဆေးထိုးပြီးသူဦးရေ မြင့်တက်လာခြင်းနဲ့ COVID-19 ကန့်သတ်ချက်များ ရုပ်သိမ်းလိုက်ခြင်းကြောင့် ခရီးသွားလာမှု များပြားလာခဲ့ရာ အမေရိကန်လေကြောင်းလိုင်း တစ်ခုတည်းသာမကဘဲ အခြားလေကြောင်းလိုင်းတွေဟာလည်း ဝန်ထမ်းမလုံလောက်မှု ဖြစ်နေပါတယ်။

ယခုလအစောပိုင်းမှာလည်း Southwest လေကြောင်းလိုင်းက သုံးရက်အတွင်း လေကြောင်းခရီးစဥ် ၂,၄၀၀ နီးပါးကို ဖျက်သိမ်းခဲ့ပြီး ဖလော်ရီဒါမှာ ရာသီဥတုမကောင်းမှုနဲ့ လေယာဥ်လမ်းကြောင်းပြဿနာကြောင့်လို့ ပြောခဲ့ပါတယ်။ Southwest လေကြောင်းလိုင်းကလည်း ယခုနှစ်ကုန်အရောက်မှာ ဝန်ထမ်းအသစ် ၅,၀၀၀ ခန့်အပ်သွားမယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က