Amazon နဲ့ အပြိုင် လစာတိုးပေးရတော့မှာပါ

လူတော်တွေ မဆုံးရှုံးရအောင် Microsoft ကုမ္ပဏီအနေနဲ့ ဝန်ထမ်းလစာကို အမြန်တိုးပေးသွားဖို့ စီစဉ်နေပါတယ်။ 

နာမည်ဖော်ပြမထားတဲ့ အရင်းအမြစ်နှစ်ခုကို ကိုးကားပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Insider သတင်းမှာ Microsoft ဟာ လာမယ့် တနင်္လာနေ့က စပြီး ဝန်ထမ်းလစာ တိုးပေးမယ့် အစီအစဉ်ကို ကြေညာဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ပြိုင်ဘက်နည်းပညာကုမ္ပဏီတွေလုပ်သလိုမျိုး ထူးချွန်တဲ့ ဝန်ထမ်းတွေ အလုပ်မှာ ပျော်အောင် လုပ်ခ နဲ့ ခံစားခွင့်ကို တိုးမြှင့်ပေးဖို့ စီစဉ်လိုက်တာလည်း ဖြစ်ပါတယ်။ 





Microsoft အနေနဲ့ ဝန်ထမ်းတွေကို အခုလို လစာတိုးပေးဖို့ စီစဉ်လိုက်တဲ့ အကြောင်းတစ်ခုက မကြာသေးခင်ကမှ စစ်တမ်းကောက်ခံထားတဲ့ Employee Signals သဘောထားမှတ်ချက် ရလဒ်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ ဝန်ထမ်းစိတ်ကျေနပ်မှုအစီရင်ခံစားတစ်စောင် ဖြစ်တဲ့ Employee Signals ကို ပြီးခဲ့တဲ့ မတ်လထဲမှာ ဝန်ထမ်းတွေက ဝင်ရောက်ဖြေဆိုထားခဲ့ပြီး ဒီလို ဖြေဆိုသူ ဝန်ထမ်းအားလုံးရဲ့ ၃ ပုံ ၂ ပုံခန့် (၆၆%)ကပဲ ကုမ္ပဏီအတွက် သူတို့ ကြိုးစားသလောက် ထိုက်တန်တဲ့ရလဒ် ခံစားရတယ်လို့ ဖြေဆိုခဲ့တာပါ။ 

အရင်နှစ်က လုပ်ဆောင်တဲ့ ဝန်ထမ်းစိတ်ကျေနပ်မှုစစ်တမ်းမှာ ဝန်ထမ်းဦးရေရဲ့ ၇၃% အထိ ကုမ္ပဏီက ပေးတဲ့ လစာနဲ့ ခံစားခွင့်အပေါ် ကျေနပ်မှုရှိကြောင်း ဖြေဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ ကိုယ်ရတဲ့ လစာပေါ် စိတ်ကျေနပ်မှုကျဆင်းလာတာကို တုံ့ပြန်ဖို့ ကုမ္ပဏီဟာ ဘုတ်အဖွဲ့ကနေ တစ်ဆင့် လစာတိုးပေးဖို့ စဉ်းစားနေတာလည်း ဖြစ်ပါတယ်။ 

Microsoft ဟာ ကုမ္ပဏီရဲ့ ဝန်ထမ်းကောင်းတွေ ပြိုင်ဘက်ကုမ္ပဏီကြီးတွေဆီ ရောက်သွားမှာကို စိုးရိမ်နေပါတယ်။ အထူးသဖြင့် Cloud Service ပိုင်းမှာ Microsoft ရဲ့ အဓိကပြိုင်ဘက်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Amazon ဆီ ဝန်ထမ်းကောင်းတွေ ရောက်သွားမှာကို စိုးရိမ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ Amazon နဲ့ Microsoft တို့ဟာ Cloud Service လောကမှာ ပထမနဲ့ ဒုတိယနေရာက ရှိနေတဲ့ Providers ကြီးတွေလည်း ဖြစ်ပါတယ်။ 


ကုမ္ပဏီနှစ်ခုစလုံးဟာ အရည်အချင်းရှိတဲ့ ပညာရှင်တွေကို အပြိုင်အဆိုင် ခေါ်ယူနေကြသလို ထူးချွန်သူတွေကို လက်မလွှတ်ရရေးလည်း ကြိုးပမ်းနေတာပါ။ Amazon ဟာ ပြီးခဲ့တဲ့လထဲမှာ အမြင့်ဆုံး အခြေခံလစာကို အရင် ဒေါ်လာ ၁၆၀၀၀၀ ကနေ ဒေါ်လာ ၃၅၀၀၀၀ အထိ နှစ်ဆတိုး ပေးခဲ့သလို ဝန်ထမ်းတွေအတွက်လည်း စတော့ခ်ရှယ်ယာခံစားခွင့်မက်လုံးတွေ ပေးထားပါတယ်။ Microsoft အနေနဲ့လည်း ပြိုင်ဘက်ထက် မလျော့တဲ့ လုပ်ခလစာနဲ့ ခံစားခွင့်တွေ ပေးဖို့ ဖိအားရှိလာပြီ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က