Petro & Trans ကုမ္ပဏီကို ပေးဆပ်ရမယ့် အကြွေး သိန်း ၇၀၀ ကျော်ဟာ Yangon Water Bus ကို ယခင်က စီမံခန့်ခွဲအပိုင်းတာဝန်ယူဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီက ယူဆောင်ထားခဲ့တာဖြစ်တယ်လို့ Water Bus ပိုင်ရှင် ဒေါ်တင့်တင့်လွင်က ပြောဆိုလိုက်ပါတယ်။
Yangon Water Bus က ဆီဖိုးအကြွေးငွေ သိန်း ၇၀၀ ကျော်ပေးဆပ်ရန်ကျန်ရှိနေတယ်လို့ Petro & Trans ဆီဆိုင်ကုမ္ပဏီဘက်က ကြေညာချက်အပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ Water Bus ကုမ္ပဏီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါသတင်းစာရှင်းလင်းပွဲမှာ Yangon Water Bus ပိုင်ရှင် ဒေါ်တင့်တင့်လွင်က ဆီဆိုင်ကုမ္ပဏီဘက်ကနေ အကြွေးငွေနဲ့ ပတ်သက်ပြီး ဘောင်ချာ အချက်အလက် ပြည့်ပြည့်စုံစုံယူလာခဲ့ရင် စစ်ဆေးပြီး မှန်ကန်တယ်ဆိုပါက ငွေပေးချေသွားမယ်လို့ ပြောခဲ့ပါတယ်။
“ ဒီနေ့ သိန်း ၇၀၀ စာ ယူလာခဲ့ရင် ဒီနေ့ ထုတ်ပေးလိုက်မယ်။ ကျွန်မတို့ကုမ္ပဏီက နာမည်ပျက်မခံပါဘူး။ သူတို့အနေနဲ့ ဘောင်ချာတွေပါလာခဲ့ရင် ကျွန်မရဲ့ရှေ့နေ၊ စာရင်းအကြံပေးတွေက ဘောင်ချာတွေစစ်ဆေးပြီး သူတို့ကို ငွေပေးအပ်မှာဖြစ်ပါတယ်။ “ လို့ ဒေါ်တင့်တင့်လွင်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
Water Bus ကုမ္ပဏီဟာ ပြီးခဲ့တဲ့တစ်နှစ်ကျော်ကာလအတွင်းက စီမံခန့်ခွဲမှုအပိုင်းတွေကို ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့စဉ်အတွင်း အဆိုပါ ကုမ္ပဏီဘက်ကနေ ဆီကြွေးတွေ ပေးဖို့ ကျန်ရှိနေသေးတာဖြစ်ကြောင်း၊ အခုလက်ရှိတော့ အဲဒီ စီမံခန့်ခွဲမှု ကုမ္ပဏီနဲ့ Water Bus ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိတော့ကြောင်း၊ ကုမ္ပဏီရဲ့ နာမည်ကိုတော့ သိက္ခာပိုင်းအရ မဖွင့်ပြောလိုကြောင်း ဒေါ်တင့်တင့်လွင်က ဆိုပါတယ်။
ဒါကြောင့် ဆီဆိုင်ကုမ္ပဏီဘက် က ကြေညာထားတဲ့ ဒေါ်တင့်တင့်လွင်ဆိုပြီးနာမည်ဖော်ပြမှုတွေ၊ ဒေါ်တင့်တင့်လွင်ကို ဖုန်းဆက်လို့မရခြင်း၊ Water Bus ကုမ္ပဏီ လိပ်စာပြောင်းသွားတာကြောင့် ဆက်သွယ်လို့ မရခြင်း စတဲ့ ဖော်ပြမှုတွေနဲ့ပတ်သက်ပြီး Petro & Trans ဆီဆိုင်ကုမ္ပဏီဘက်ကနေ တာဝန်ယူပေးဖို့ ဒေါ်တင့်တင့်လွင်ဘက်က တောင်းဆိုထားပါတယ်။
“ သူတို့နဲ့ သဘောတူထားတဲ့ Management ကုမ္ပဏီဘက်ကို တောင်းထားတဲ့စာရွက်စာတမ်းတွေ ကျွန်မတို့မှာ ရှိတယ်။ ဝယ်ယူခဲ့တဲ့သူရဲ့ နာမည်ကို အသုံးပြုတာ ပိုပြီးသင့်တော်တယ်။ အခုက ကျွန်မနာမည်အသုံးပြုပြီး ကြေညာချက်ထဲမှာဖော်ပြထားတယ်။ ကျွန်မရဲ့ ပျက်စီးသွားတဲ့ နစ်နာမှုအတွက် တရားဥပဒေအရ လုပ်ကိုင်သွားမယ်။ သူတို့ကဘက် ပြန်လည် တောင်းပန်ရင်တော့ စဉ်းစားပါမယ်။ “ လို့ ဒေါ်တင့်တင့်လွင်က ပြောပါတယ်။