ရော်နယ်ဒိုဝတ်ထားတဲ့ ဘောင်းဘီကြောင့် ဒီလိုမျိုးမှတ်ချက်ပြုနေကြတာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့က သူ့ရဲ့ဆိုရှယ်မီဒီယာကတဆင့် အားကစားလုပ်နေတဲ့ ဓာတ်ပုံနဲ့အတူ “အလုပ်ကြိုးစားခြင်း (Hard Work)” ဆိုတဲ့ စာသားကို ရေးတင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဇူလိုင် (၂) နောက်ပိုင်း မီဒီယာတွေနဲ့ တွေ့ဆုံတာမျိုး၊ ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တင်တာမျိုးကို မပြုလုပ်တော့ဘဲ လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာပါ။



အဆိုပါပေါ်တူဂီတိုက်စစ်မှူးကြီးဟာ ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းလိုက်တယ်ဆိုတဲ့နေ့ကစလို့ အခုလိုပဲ ဆိုရှယ်မီဒီယာတွေပေါ်မှာ ငြိမ်သက်သွားခဲ့တဲ့အပြင် အသင်းရဲ့ရာသီကြိုခြေစမ်းခရီးစဥ်ကိုလည်း လိုက်ပါခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် မနေ့ကပဲ ရော်နယ်ဒိုက သူ့ရဲ့ဆိုရှယ်မီဒီယာကနေတဆင့် အခုလိုမျိုး ပြန်ပေါ်လာခဲ့တာပါ။ ဒီလိုမျိုး ရော်နယ်ဒို ပြန်ပေါ်လာတဲ့အချိန်မှာလည်း ပရိသတ်တွေအတွက် သတိထားစရာအချက်တချက်ရှိခဲ့ပါတယ်။

ဒါကတော့ ရော်နယ်ဒိုဟာ အားကစားပြုလုပ်နေချိန်မှာ ယူနိုက်တက်ဘောင်းဘီအမဲရောင်လို့ ယူဆရတဲ့ ဘောင်းဘီကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ရော်နယ်ဒိုအနေနဲ့ အခြားသော စပွန်ဆာမပါဝင်တဲ့ တံဆိပ်မျိုးကို ဝတ်ဆင်လို့ရသည့်တိုင် ယူနိုက်တက်ဘောင်းဘီကိုသာ ရော်နယ်ဒိုဝတ်ဆင်ထားတဲ့အပေါ် ဒီကစားသမားအနေနဲ့ အသင်းမှာဆက်နေလိမ့်မယ်လို့ ကောက်ချက်ချနေကြပါတယ်။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားချင်တာကြောင့် ယူနိုက်တက်ကနေ ထွက်ခွင့်တောင်းခဲ့တာလို့ မီဒီယာတွေက ဖော်ပြထားပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ သင့်တော်တဲ့အသင်းကိုသာ ပြောင်းရွှေ့ခွင့်ရရှိမယ်ဆိုရင် လစာလျှော့ယူရရင်လည်း ပြဿနာမရှိဘူးလို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုအနေနဲ့ အသင်းသစ်ရှာတွေ့ဖို့ ခက်ခဲနေဆဲပါ။

ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီးတို့က ရော်နယ်ဒိုကိုခေါ်ယူဖို့ ငြင်းဆန်ခဲ့သလို ပီအက်စ်ဂျီကိုလည်း ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်က စတင်ကမ်းလှမ်းခဲ့သည့်တိုင် ပီအက်စ်ဂျီဘက်က ငြင်းဆန်ခဲ့တယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်ဘက်ကတော့ ရော်နယ်ဒိုကို လုံးဝရောင်းချသွားမှာ မဟုတ်တဲ့အကြောင်း နည်းပြ တန်ဟက်ခ်ကိုယ်တိုင်ကပါ ဖွင့်ဟပြောကြားထားပါတယ်။

Share

က္က