အိမ့်ချစ်ဟာ အချစ်ရေးနဲ့ ပတ်သက်လာရင် ချစ်သူကို အခုထုတ်ပြ၊ အခုလမ်းခွဲရမယ့် အရာမျိုး မလုပ်ချင်ဘူးလို့ ဆိုပါတယ်။ ကိုယ့်အပေါ် တကယ်လက်ထပ်ယူမယ့်လူမျိုးကိုတွေ့မှသာ ပရိသတ်နဲ့ မိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။
Photo: Eaint Chit
အိမ့်ချစ်ကတော့ သူမရဲ့ ကိုယ်ရေး ကိုယ်တာ အကြောင်းအရာတွေနဲ့ ပတ်သက်လာရင် အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောတတ်သူတစ်ယောက်ပါ။ ဒါကြောင့် သူမ စိတ်ကူးထားတဲ့ အိမ်ထောင်ရေးပုံစံကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ အိမ့်ချစ်ကလေ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဖုံးကွယ်ထားတာမျိူးမရှိပါဘူး။ ဒါပေမယ့် အချစ်ရေးနဲ့ ပတ်သက်လာရင် လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက Interview တွေမှာ ပြောဖူးတယ်။ ကိုယ့်ကို တကယ်ချစ်လို့ မြတ်မြတ်နိုးနိုးနဲ့ လက်ထပ်ယူမယ့် အမျိုးသားဆိုရင် အိမ့်ချစ်က အင်တာဗျူးတွေအကုန်လုံးမှာ ပေးတွေ့မယ်။ နာမည်ထုတ်ဖော်ပြောမယ်၊ လူအမြင်ခံမယ်” လို့ ဆိုပါတယ်
Photo: Eaint Chit
အိမ့်ချစ်ဟာ အချစ်ရေးနဲ့ ပတ်သက်လာရင် မြန်မာမိန်းကလေးတစ်ယောက်ပီပီ အလေးအနက်ထားတတ်သူ တစ်ယောက်ပါ။ သူမရဲ့ နှလုံးသားရေးရာမှာလည်း အမှားဖြစ်စေမယ့် အရာမျိုး မလုပ်ဘူးလို့ ဆိုပါတယ်။
“ ဒါကျွန်မ ရည်းစား၊ ချစ်သူပါ ပြောပြီး တော်ကြာ ပြတ်သွားပြီဆိုတာမျိုးမဖြစ်ချင်ဘူး။ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုမဖြစ်ချင်ရင် အစကတည်းက မကြိုက်နဲ့လို့ ပြောမှာပေါ့။ မကြိုက်ပဲလည်း မနေနိုင်ဘူးလေ ကိုယ်က ခေတ်လူငယ်ဆိုတော့ ရည်းစားကတော့ တွေ့နေမှာပဲ။ အဲဒါကြောင့် ကျန်နေရစ်ခဲ့မယ့်ဟာမျိုး အိမ့်ချစ် မလုပ်ချင်ဘူး” ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ ရက်နေ့က GATSBY ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။
Photo: Eaint Chit
သတင်းမီဒီယာ ပေ့ချ်အစစ်မဟုတ်တဲ့ ပေ့ချ်တွေမှာတော့ အိမ့်ချစ်နဲ့ စုံတွဲ ဆိုပြီးတော့ ဓာတ်ပုံတွေ တက်လာဖူးတယ်လို့ အိမ့်ချစ်က ပြောပါတယ်။ ဒါတွေဟာ သူမအတွက်၊ သူမရဲ့ ဘဝ လက်တွဲဖော်ဖြစ်လာမယ့်သူအတွက် စိတ်အနှောက်အယှက်ဖြစ်စေမယ့် အရာတွေပါလို့ ဆိုပါတယ်။
“ တချို့ Page တွေဆိုရင် အိမ့်ချစ်တို့ တင်တဲ့ စာတွေ၊ မီဒီယာတွေက တင်တဲ့စာတွေကို ပြန်ကူးပြီး ရေးထားတာတွေရှိတယ်လေ။ အဲဒီမှာ အိမ့်ချစ်ရဲ့ စုံတွဲဓာတ်ပုံပါ ဆိုပြီးတော့ သူတို့ Save ထားပြီး ပြန်တင်တာတွေရှိတယ်ပေါ့နော်။ ဒါဟာ အခုချိန်ထိ ကျန်နေခဲ့တာမျိုးရှိတယ်။ နောင်တစ်ချိန်မှာ ကိုယ် ဘဝတစ်ခုကို တည်ထောင်တဲ့အခါ ဒါကို လက်ညိုးထိုးပြီးတော့ ပြန်အပြောခံရတာမျိုး မဖြစ်ချင်တော့ဘူးလေ။ ယောကျ်ားလေးက အကြောင်းမဟုတ်ပေမယ့် မိန်းကလေးကတော့ ကိုယ့်လက်တွဲဖော်က နားလည်ပေးနိုင်ရင်ကောင်းတယ် နားမလည်ပေးနိုင်ရင်တော့ အနှောက်အယှက်ဖြစ်ရတယ်ပေါ့နော်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Eaint Chit
အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လ အတွင်းကလည်း သူမရဲ့ဖခင် ဦးချစ်ကောင်းရယ်၊ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရယ် သုံးယောက်ပေါင်းပြီး FG live Lounge.. ပွဲ လုပ်ခဲ့ပါသေးတယ်။
Share