ဝါရင့်သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင် အသစ်လေးတွေရဲ့ အားပြိုင်မှုတွေ ပါဝင်လာမယ့် Player ရုပ်ရှင်ကားကြီးကတော့ စတင်ရိုက်ကူးဖို့အတွက် ပြင်ဆင်နေပါပြီ။ ဒီဇာတ်ကားရဲ့ ထူးခြားမှုတွေကိုလည်း ပါဝင်ကြမယ့် အနုပညာရှင်တွေက အခုလို ပြောပြလာပါတယ်။
Player ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကိုတော့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက M3 Food Center မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ့် အကယ်ဒမီ ထွန်းထွန်းကိုတော့ အာကာဆိုတဲ့ ဇာတ်ကောင်ပုံစံနဲ့ တွေ့ရမယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။
‘’ ဒီဇာတ်ကားထဲမှာ ကျွန်တော့်ရဲ့ ပုံစံက အိမ်ထောင်ပြုချင်ပေမယ့်လည်း သူ့ရဲ့ အိမ်ထောင်ဖက်က မယူပါနဲ့ဦး၊ ကျောင်းပြီးတဲ့အထိစောင့်ပါဦး၊ ရည်မှန်းချက်တွေရှိသေးတယ်ပေါ့။ အဲဒီမှာ လူက လေနေပြီး စိတ်တွေညစ်ပြီးတော့ ကိုခင်လှိုင်တို့နဲ့ ဆုံပြီး ဇာတ်လမ်းက ရှုပ်ထွေးသွားတယ်ပေါ့’’ လို့ သူကဆိုပါတယ်။
အဲဒီနောက် Player မလေးတစ်ယောက်ဖြစ်လာမယ့် အိချောပိုကလည်း ဒီဇာတ်ကားထဲက သူ့ရဲ့ ဇာတ်ကောင်ပုံစံလေးအကြောင်းကို စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက Player ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။
‘’ဒီဇာတ်ကားထဲမှာတော့ မေသူကျော် ဆိုတဲ့ ကောင်မလေးနေရာက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီကောင်မလေးရဲ့ ကာရိုက်တာက ကျတော့ ရိုးရိုးအေးအေးလို့ထင်ရတဲ့ Player ကောင်မလေးတစ်ယောက်ပေါ့။ ကိုမြင့်မြတ်နဲ့ အတွဲ၊ ကိုဂျိုကြီး ကလည်း လိုက်ကြိုက်တယ်ပေါ့’’ လို့ ပြောပါတယ်။
အဲဒီနောက် မြိုင်လို့ လူသိများလှတဲ့ ဇာတ်လမ်းတွဲ မင်းသမီးချောလေး မေမီကိုကို ကလည်း ထွန်းထွန်းရဲ့ အိမ်ထောင်ဘက်အဖြစ် ပါဝင်သရုပ်ဆောင်ရဦးမယ်လို့ ဆိုပါတယ်။
‘’ဒီ Player ဆိုတဲ့ ဇာတ်ကားမှာ မေမီက မြတ်စန္ဒီဦးပေါ့နော် Miss တစ်ယောက်ဖြစ်ချင်တဲ့ ပြိုင်ပွဲဝင် ကောင်မလေးတစ်ယောက်ပေါ့နော်။ ပြီးတော့ ကိုထွန်းထွန်းနဲ့ လူကြီးခြင်းသဘောတူထားတယ်။ လူကြီးခြင်းသဘောတူပေမယ့် လက်ထပ်ဖို့ အချိန်ဆွဲနေတာပေါ့နော်။ Miss အလုပ်ကိုလည်း လုပ်ချင်သေးတယ် ကိုထွန်းထွန်းကိုလည်း တခြားကောင်မလေးလက်ထဲပါသွားမှာစိုးတော့ သူတို့ရဲ့ ကစားကြတဲ့ ကစားကွက်ထဲမှာ ကိုယ်က ရောယောင်ပြီးပါနေတာပေါ့နော်’’ လို့ သူကဆိုပါတယ်။
အဲဒီနောက် ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်လည်းဖြစ်၊ ဇာတ်လမ်းတွဲတွေတိုင်းမှာလည်း အမြဲတမ်းမြင်ရတွေ့ရလေ့ရှိတဲ့ ဆောင်းဝတ်ရည်မေကလည်း Player ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ့် အကြောင်းတွေ ပြောပြလာပါတယ်။
‘’ ဒီဇာတ်ကားထဲမှာ တိုင်ရွန်ရယ်၊ အေးချမ်းမောင်ရယ်နဲ့ အတူ သူငယ်ချင်းသုံးယောက် ပုံစံမျိုးသရုပ်ဆောင်ထားတာပါ။ အဓိက ကတော့ ဇာတ်ညွှန်းကို သေချာလေးဖတ်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်တယ်။ ဇာတ်လမ်းတွဲရိုက်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ဇာတ်ကားရိုက်တာပဲဖြစ်ဖြစ် ကာရိုက်တာအပေါ် စိတ်နှစ်ပြီး သရုပ်ဆောင်ရတာခြင်းကတော့ အတူတူပါပဲ’’ လို့ ဆိုပါတယ်။
‘’Player’’ ရုပ်ရှင်ဇာတ်ကားကြီးကို ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ကရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင် မြင့်မြတ်၊ ထွန်းထွန်း၊ တိုင်ရွန်၊အေးချမ်းမောင်၊ စိုးမြတ်သူဇာ၊ အိချောပို၊ မေမီကိုကို နဲ့ ဆောင်းဝတ်ရည်မေ တို့က အဓိက ပါဝင်သရုပ်ဆောင်သွား မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို မကြာခင်ရိုက်ကူးသွားတော့မယ်လို့လည်း သိရပါတယ်။