ရုပ်ရှင်အဖြူအမဲခေတ်ကတည်းက အနုပညာလောကမှာ အောင်မြင်လာခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်မေသက်ကတော့ ကွယ်လွန်သွားခဲ့ပါပြီ။
Photo: U Win Mying
ဝါရင့်သရုပ်ဆောင် မင်းသမီးချောကြီး ဒေါ်ခင်မေသက်ကတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညက ကွယ်လွန်သွားပြီလို့ သိရပါတယ်။ သူမအတွက် မိသားစုနဲ့ အတူ အနုပညာအသိုင်းအဝိုင်းကလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ဒါကြောင့် ဇာတ်ပို့၊ ဇာတ်ရံ အဖွဲ့သားတွေရဲ့ ဥက္ကဌဖြစ်သူ ဦးဝင်းမြိုင်ကလည်း ဒေါ်ခင်မေသက်အတွက် ဆုတောင်းမေတ္တာပို့ပေးထားပါသေးတယ်။
“ကောင်းရာသုဂတိ လားပါစေ အမေ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ ဒေါ်ခင်မေသက်ဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၈ နာရီ ၅ မိနစ်ခန့်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ် ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့် ရေဝေးသုဿာန်မှာ မီးသဂြိုဟ်သွားမယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၇ နာရီတွင် အထက်ပုဇွန်တောင်လမ်းမကြီး၊ အမှတ် ၇၃၊ ၇၅ ၈-B နေအိမ်တွင် အသုဘရှုရက်လည် ဆွမ်းကျွေးတရားတော်နာသွားမယ်လို့ သိရပါတယ်။
Photo: Eisikway
ဒေါ်ခင်မေသက်ဟာ ကွယ်လွန်သူ ဦးကျော်မြင့်ရဲ့ ဇနီး၊ သားသမီး ၄ ယောက်၊ မြေး ၁၀ ယောက်၊ မြစ် ၉ ယောက်တို့ရဲ့ အဘွားဖြစ်ပါတယ်။ သူမဟာ ကျန်းမာရေးအရ လည်ချောင်းခွဲထားရတာ ၅ နှစ်ကျော်၊ ၆ နှစ်နီးပါးရှိခဲ့ပြီလို့ သိရပါတယ်။ ဒေါ်ခင်မေသက်အတွက် အနုပညာအသိုင်းအဝိုင်းမှ သရုပ်ဆောင်တွေကလည်း မကြာခဏ ကျန်းမာရေး ထောက်ပံ့ငွေတွေသွားရောက်လှူဒါန်းခဲ့ကြပါသေးတယ်။အဲဒီနောက် အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာလည်း ပြုစုစောင့်ရှောက်ထားတာ တွေ့ရပါတယ်။
Photo: U Win Mying
ဒေါ်ခင်မေသက် (Daw Khin May Thet)ဟာ သူမရဲ့ ကျန်းမာရေးအနေနဲ့လည်ပင်းခွဲထား တာ ၅ နှစ်ကျော်ပြီရှိပါပြီ။ သူမရဲ့ အနုပညာသက်တမ်း ၅၆ နှစ်ရှိပြီဖြစ်ပါတယ်။ သူမဟာ အဖြူအမဲ ရုပ်ရှင်ခေတ်ကာလမှာကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့တာပါ။ ‘’သံသရာခရီးသည်’’ ရုပ်ရှင်ဇာတ်ကား၊ ‘’ငွေပင်စံ’’ရုပ်ရှင်ဇာတ်ကား၊ ‘’တစ်ကျော့ နှစ်ကျော့’’ ရုပ်ရှင်ဇာတ်ကား တွေမှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ခေါင်းဆောင်မင်း သမီးတစ်ယောက်အဖြစ် ရုပ်ရှင် ဇာတ်ကားတွေ အများကြီး ရိုက်ကူးခဲ့ရသူဖြစ်ပါတယ်။