ဘဏ်စာရင်းမရှိသူတွေအတွက် ငွေကြေးဝန်ဆောင်မှု ပိုမိုပေးအပ်နိုင်မှာပါ

ပြည်တွင်းအခြေစိုက် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်တဲ့ Wave Money မှာ Alibaba ပိုင် Ant Financial Services Group မှ ဒေါ်လာ ၇၃.၅ သန်း ရင်းနှီးမြှပ်နှံမယ်လို့ Yoma Strategic Holdings Ltd မှ ဆိုပါတယ်။

ပြည်တွင်းမှ ဘဏ်အကောင့်မရှိသူနဲ့ ဘဏ်ဝန်ဆောင်မှု မသုံးနိုင်သူများအတွက် ငွေကြေးဝန်ဆောင်မှု လွှမ်းခြုံပေးအပ်နိုင်အောင် ပူးပေါင်းလိုက်တာ ဖြစ်တယ်လို့ Business Times က ဖော်ပြထားပါတယ်။ Wave Money ကို ရိုးမလုပ်ငန်းစုနဲ့ နော်ဝေးအခြေစိုက် Telenor ASA တို့ က ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ၂၀၁၉ တစ်နှစ်တာအတွင်း Wave Money ပလက်ဖောင်း မှတစ်ဆင့် ငွေလွှဲပြောင်းမှု ပမာဏဟာ မြန်မာကျပ်ငွေ ၆.၄ ထရီလီယံ (ဒေါ်လာ ၄.၃ ဘီလျံ) ရှိခဲ့ပါတယ်။


Photo: Frontier Myanmar

ရင်းနှီးမြှပ်နှံမှုကြောင့် Ant Financial Group ဟာ လက်ရှိ ရှယ်ယာရှင်များနဲ့အတူ Wave Money မှာ စုပေါင်းရှယ်ယာ ၅၀% အောက် ပိုင်ဆိုင်တဲ့ အင်အားကြီး ရှယ်ယာပိုင်ရှင်တစ်ဦး ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိ စင်ကာပူအခြေစိုက် နော်ဝေးတယ်လီကွန်းကုမ္ပဏီ Telenor ဟာ Wave Money မှာ ရှယ်ယာ ၅၁% ၊ Yoma Strategic မှ ရှယ်ယာ ၃၄% ၊ Yoma Bank မှ ရှယ်ယာ ၅% နဲ့ First Myanmar Investment (FMI) မှ ရှယ်ယာ ၁၀% စီ ပိုင်ဆိုင်ခဲ့ပါတယ်။

၂၀၁၉ နိုဝင်ဘာလထဲမှာ Yoma Strategic Holdingss Ltd ဟာ FMI ရဲ့ ရှယ်ယာ ၁၀% ကို ဒေါ်လာ ၆ သန်းနဲ့ တန်ဖိုးဖြတ် ဝယ်ယူဖို့ ကနဦးသဘောတူညီထားကြောင်း ကြေညာခဲ့ပါတယ်။ အရောင်းအဝယ် ပြီးပြတ်သွားချိန်မှာ Yoma Strategic ဟာ Wave Money မှာ ရှယ်ယာ ၄၄% ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ လူဦးရေရဲ့ ၄ ပုံ ၁ ပုံခန့်ပဲ ဘဏ်အကောင့်တစ်ခု ပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံဟာ ငွေကြေးဝန်ဆောင်မှုပိုင်း အားနည်းချက် ရှိနေဆဲဖြစ်တယ်လို့ Yoma Strategic ရဲ့ CEO မယ်လ်ဗင်ပန် က ဆိုပါတယ်။

Photo: Duwun

"COVID-19 အခြေအနေက ငွေသားမဲ့လူ့အဖွဲ့အစည်းတစ်ရပ်ဆီ ကူးပြောင်းဖို့ တွန်းပို့လာပါတယ်။ e-Commerce ဖွံ့ဖြိုးမှုကို မောင်းနှင်လာပါတယ်။ ကျွန်တော်တို့ကတော့ ဒီဗျူဟာမြောက် ပူးပေါင်းမှုဟာ လက်ရှိအရွေ့ကို ပံ့ပိုးဖို့ Wave Money ရဲ့ စွမ်းဆောင်ရည်တွေကို အများကြီး တိုးမြှင့်ပေးသွားမယ်လို့ မျှော်လင့်ပါတယ်။" လို့ မယ်လ်ဗင်ပန်က ပြောပါတယ်။

Ant Group ရဲ့ အမှုဆောင်ဥက္ကဌ အဲရစ်ဂျင်ကလည်း ဒီရင်းနှီးမြှပ်နှံမှုဟာ မြန်မာနိုင်ငံအတွင်းက ဘဏ်စာရင်းမရှိသူ ၊ ဘဏ်ဝန်ဆောင်မှုမရသူများနဲ့ အသေးစားအလတ်စား လုပ်ငန်းများအတွက် ပိုမိုကောင်းမွန်တဲ့ ငွေကြေးဝန်ဆောင်မှုတွေ မြှင့်တင်ပေးဖို့ AliPay ရဲ့ အတွေ့အကြုံတွေ Wave Pay မှာ လုပ်ဆောင်နိုင်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းအထိ Wave Money ဟာ တစ်နိုင်ငံလုံး ကိုယ်စားလှယ်ဆိုင်ခွဲပေါင်း ၅၃၀၀၀ ကျော် နဲ့ နိုင်ငံရဲ့ ၈၉% မှာ မိုဘိုင်းငွေကြေးဝန်ဆောင်မှု လွှမ်းခြုံပေးအပ်နေပြီး ဝန်ဆောင်မှု သုံးစွဲသူ ၁၁ သန်းခန့် ရှိနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က