ပခန်းဘားမှာ ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် ယာယီပိတ်ထားပြီး မီးလောင်ချိန်မှာလည်း ဆိုင်မှာလူမရှိဘူးလို့သိရပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ (၃) ရက် နေ့လယ် ၁၂ နာရီကျော်ခန့်မှာ တာမွေမြို့နယ် သမိန်ဗရမ်းလမ်းရှိ ပခန်းဘားမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
Photo- Kyaw Thu Aung
“ မျက်နှာကြက်အတွင်းမှ ဝါယာရှော့အပူလွန်ကဲတာလို့ သတင်းရထားပါတယ်။ အသေးစိတ်ကို ဆက်လက်စုံစမ်းနေတုန်းပါပဲ။ “ လို့ မီးသတ်ဦးစီး တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
မီးလောင်မှုကြောင့် အဲကွန်း (၂) လုံး၊ မျက်နှာကြက်က မီးဆိုင်းများနဲ့ဆိုင်ခန်းအတွင်း အသံလုံဖော့များ ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။
မီးလောင်မှုအကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်ကရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ သမိန်ဗရမ်းလမ်းမှာ မီးလောင်မှုဖြစ်ပွားနေကြောင်းသတင်းရတာကြောင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ၁၂ နာရီ ၂၆ မိနစ်မှာငြိမ်းသတ်သွားခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။
ပခန်းဘားကို အသစ်ပြန်လည်ဖွင့်လှစ်ဖို့အတွက် ပြင်ဆင်နေတာကြောင့် ဒီဇင်ဘာ ၂ ရက်ကနေ ၄ ရက်နေ့အထိ ယာယီပိတ်ထားတယ်လို့ ကြေညာထားပါတယ်။