FA တယောက်ဖြစ်ရတာက အထီးကျန်တယ်လို့တော့ အများစုက ဝေဖန်နေကြပါတယ်။ ဒါပေမယ့် တကယ့် ဝါရင့် FA တွေကို မေးလိုက်ရင်တော့ ဒီလိုမျိုးပြောလေ့ရှိမှာမဟုတ်ပါဘူး။ သူတို့ကဘဝကို အပူအပင်မရှိ ဖြတ်သန်းနေကြပြီး စားချင်ရင်သွားစားလိုက်၊ နားချင်ရင် သွားနားလိုက်နဲ့ သာယာနေကြတာချည်းပါပဲ။ တကယ်တမ်းမှာလည်း FA တယောက်အနေနဲ့ ရရှိနိုင်တဲ့ အံ့အားသင့်ဖွယ်ကောင်းကျိုးတွေရှိနိုင်ပါတယ်။ ဒီကနေ့မှာတော့ ဒါတွေကိုမျှဝေပေးသွားပါမယ်။
၁။ ငွေရေးကြေးရေး အခြေအနေ တည်ငြိမ်အေးဆေးခြင်း
Relationship ရှိတယ်ဆိုရင်တော့ သင့်ရဲ့ဒီလဝင်ငွေကို ဘယ်လိုအသုံးပြုရမယ်၊ ဘယ်နေရာမှာတော့ လိုအပ်မယ်ဆိုပြီး ချင့်ချိန်နေရလေ့ရှိပါတယ်။ စစ်တမ်းတွေအရ စုံတွဲအများစုဟာ ငွေကြေးစီမံခန့်ခွဲမှုတွေမှာ ပြဿနာအများကြီးရှိတယ်လို့သိရပြီး အိမ်ထောင်ကျပြီးသွားရင်တော့ ငွေကြေးကိစ္စနဲ့ပတ်သက်လို့ သဘောထား ပိုမိုတင်းမာလာကြတယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် တကိုယ်တည်းသမားကတော့ ဒါမျိုးတွေ ခေါင်းစားခံစရာမလိုပါဘူး။ စုထားမလား၊ လိုအပ်တဲ့နေရာမှာ အသုံးပြုမလားဆိုတာကိုပဲ စဥ်းစားစရာရှိပါလိမ့်မယ်။
Photo: Life Hack
၂။ ခက်ခဲတဲ့ဆွေးနွေးညှိနှိုင်းမှုတွေကို မလိုအပ်ခြင်း
ရည်းစားရှိရင်တော့ ဘယ်သွားမယ်၊ ဘာစားမယ်၊ ဘာလုပ်မယ်ဆိုတာကအစ ပါးစပ်ကနေ အမြှုပ်ထွက်မတတ် ညှိနှိုင်းရပါတယ်။ တစ်ယောက်တည်းသမားကတော့ ကိုယ့်စိတ်နဲ့ကိုယ်ပါပဲ။ တခါတလေ ကိုယ့်ဘာသာစိတ်နှစ်ခွဖြစ်နေတာကိုပဲ ရှင်းလင်းရတာမျိုးပါ။ ဘယ်အချိန်အိမ်ပြန်ရမယ်၊ အိမ်မပြန်လို့မဖြစ်ဘူးဆိုတဲ့ ချုပ်နှောင်မှုတွေလည်း နည်းနည်းလေးတောင်မရှိပါဘူး။ ဘဝမှာ ကိုယ့်အတွက်ကိုယ်တွေးရင်း တကိုယ်ကောင်းဆန်ဆန်နဲ့ ပျော်ပျော်ကြီး ဖြတ်သန်းလို့ရတယ်လို့တောင် ပြောနိုင်ပါတယ်။
၃။ ဆန့်ကျင်ဘက်လိင်နဲ့ အဆင်ပြေသလို တွေ့ဆုံနိုင်ခြင်း
ရည်းစားရှိတဲ့လူတစ်ယောက်ကတော့ ဒါမျိုးလုပ်လို့ရမှာမဟုတ်ပါဘူး။ ပြဿနာအကြီးကြီးတက်သွားမယ့်ကိစ္စပါ။ ဒါပေမယ့် တကိုယ်ရေတကာယသမားကတော့ ဆန့်ကျင်ဘက်အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် လွယ်လင့်တကူ တွေ့ဆုံနိုင်ပြီး လွတ်လွတ်လပ်လပ်နဲ့ အပြင်ထွက်သွားလာ စားသောက်နိုင်ပါတယ်။ ကိုယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ဆန့်ကျင်ဘက်လိင်ဆီကို လွတ်လွတ်လပ်လပ်ပြောပြခွင့်ရှိတာကလည်း ကောင်းမွန်တဲ့ခံစားချက်ကို ရရှိစေပါလိမ့်မယ်။ နောက်ပြီး သူတို့ဆီက စကားသံတွေကိုကြားရတဲ့အခါမှာလည်း ထိုးထွင်းသိမြင်မှုတွေအများကြီးရနိုင်မှာပါ။ ဒါ့အပြင် အနာဂတ်အတွက်လည်း ကောင်းမွန်တဲ့ အကြံဥာဏ်အများကြီး ရရှိစေမှာပါ။
Photo: The Independent
၄။ ကိုယ့်ကိုယ်ကိုယ်ရှာဖွေနိုင်ခြင်း
ဘေးမှာ တခြားတစ်ယောက်အတူရှိနေခြင်းက တခါတလေမှာ သင့်ရဲ့ကိုယ်ပိုင်ဖြစ်တည်မှု ပျောက်ဆုံးသွားစေတယ်ဆိုတာကို ယုံကြည်ပါ။ တစ်ယောက်တည်းရှိနေချိန်မှာတော့ ကိုယ်ဖြစ်ချင်တာ၊ ရည်ရွယ်ရာနဲ့ အားသန်ရာတွေကို လွတ်လွတ်လပ်လပ် ရှာဖွေနိုင်ပါတယ်။ အနာဂတ်အတွက် လိုအပ်ချက်တွေကို ဆင်ခြင်သုံးသပ်နိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးပြီး ဖြည့်ဆည်းပေးနိုင်ဖို့က တစ်ယောက်တည်းသမားတွေအတွက် တံခါးမရှိ၊ ဓားမရှိရရှိနိုင်တဲ့ မဟာအခွင့်အရေးတရပ်ပါပဲ။ အထီးကျန်တယ်လို့ မတွေးဘဲ ဝါသနာပါရာကို အကောင်အထည်ဖော်ခွင့်ရှိတဲ့ဘဝကို ခံစားပျော်ရွှင်နိုင်တာက မဟာကံထူးရှင်တယောက်ရဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။