နီနီခင်ဇော်ကတော့ သူမရဲ့ အသက်(၂၉) နှစ်ပြည့်မွေးနေ့မှာ ပရိသတ်နဲ့ မိတ်ဆက်ပေးသွားမယ့် သီချင်းလေးအကြောင်း ပြောပြလာပါတယ်။
Photo: Ni Ni Khin Zaw
အဆိုတော် နီနီခင်ဇော်ကတော့ သြဂုတ်လ(၃၁) ရက်နေ့ဆိုရင် အသက်(၂၉) နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးမှာ ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေကို ရေးဖွဲ့ထားတဲ့ သီချင်းအသစ်လေးနဲ့ ပရိသတ်ကို မိတ်ဆက်ပေးမယ်လို့ဆိုပါတယ်။
"ဘ၀ ရဲ့အချိုးအကွေ့တွေ အခက်အခဲတွေကြား ရှင်သန်ခြင်းရဲ့အဓိပ္ပါယ် တွေ မေးခွန်းထုတ်ရင်း နီနီ့ရဲ့ ၂၉ နှစ်ပြည့် မွေးနေ့ မှာ "Hope" မျှော်လင့်ခြင်း ဆိုတဲ့ သီချင်းတစ်ပုဒ် ကို နီနီရဲ့ Official YouTube Channel နဲ့ Facebook Page မှာ တင်ပေးသွားမှာ ဖြစ်ပါတယ် ။ သီချင်းလေးဟာ ကိုရီးယား မှ Music Producer တွေဖြစ်တဲ့ Alpha Music Magazine မှ K.Minwoo နဲ့အတူတူ နီနီရေးထားတဲ့သီချင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ် ။ အမှတ်တရ အဖြစ် နီနီ့ရဲ့မွေးနေ့ဖြစ်တဲ့ August ၃၁ နေ့မှာ Korea Music Platform များနဲ့ International Platform များ Local Music Platform များမှာပါ နားဆင်နိုင်မှာဖြစ်ပါတယ် " ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ကြေညာထားတာ ဖြစ်ပါတယ်။
Photo: Amazing Grace
နီနီခင်ဇော်ဟာ ၂၀၂၀ ခုနှစ် သြဂုတ်လ(၁၃) ရက်နေ့မှာတော့ ဂီတသက်တမ်း (၁၂) နှစ်ပြည့်ခဲ့ပါပြီ။ သူမကတော့ Melody World 2008 ခုနှစ် သီချင်းဆို ပြိုင်ပွဲကနေ တဆင့် မြန်မာပြည်ရဲ့ဂီတလောကတွင် ထင်ရှားလာပြီး နိုင်ငံတကာထိ ထင်ရှားကျော်ကြားသော ဂီတပညာရှင် တစ်ဦးအဖြစ် Best in Music ဆိုတဲ့ ခေါင်းစဉ်အောက်က Myanmar’s Pride Award 2019 ဆုကိုလည်း နီနီခင်ဇော်က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူမဟာ ဂီတနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ ရရှိထားတဲ့ ဆုတွေနဲ့ ပြည်ပက ချီးမြှင့်ထားတဲ့ ဆုတွေ အပါအဝင် ဆု စုစုပေါင်း (၁၃) ဆု ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။
Photo: Ni Ni Khin Zaw
ဂီတဘက်မှာ ထူးချွန်ပေမယ့် သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် "အိပ်မက်ကာရန်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နီနီခင်ဇော် က အကယ်ဒမီနေတိုးအတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီဇာတ်ကားဟာ သူမကိုယ်တိုင် ရေးထားတဲ့ ဇာတ်လမ်းလေးဖြစ်တယ်လို့လည်း Duwun ကို ဖြေဆိုခဲ့ဖူးပါတယ်။ နီနီခင်ဇော်ဟာ အချစ်သီချင်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တဲ့အဆိုတော် တစ်ဦးဖြစ်သလို ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိပြီး အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။ သူမက Covid ကာလမှာလည်း ပရဟိတအလှူအတွက် အွန်လိုင်းပေါ်ကနေ ဂီတဖျော်ဖြေပွဲ လုပ်ခဲ့ပါသေးတယ်။