ဘဝမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါပြီ။

ဖြိုးမြတ်အောင်က ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့တဲ့ ၁၀ စုနှစ်ကျော်အတွင်းမှာ ဘဝ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်နေပါတယ်။ Shwe FM က ချီးမြှင့်ပေးတဲ့ ဆုရတဲ့အတွက်ကြောင့်လည်း ပိုကြိုးစားမယ်လို့ဆိုပါတယ်။

ဖြိုးမြတ်အောင်ကတော့ Shwe FM က ဆုချီးမြှင့်တဲ့ Shwe FM Facebook Page ကနေ သီချင်းတောင်းခံရမှု အများဆုံး အမျိုးသား အဖြစ် ‘’သင့်အတွက် မနက်ဖြန်’’ ဆိုတဲ့ သီချင်းနဲ့ ဆုရရှိခဲ့ပါတယ်။ ရရှိသွားတဲ့ ဆုကိုလည်း အမှတ်တရ သိမ်းထားမယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။



‘’ရတဲ့ ဆုကို ဘာမှမလုပ်ဘူး။ အမှတ်တရ သိမ်းထားမှာ။ ကျွန်တော့် We Love မိသားစုတွေ ပေးတဲ့ဆုဆိုတော့ အမှတ်တရ သိမ်းထားမယ်။ သူတို့နဲ့ တိုင်ပင်ပြီးတော့မှပဲ လုပ်ချင်တာ တစ်ခုခု လုပ်မယ်ပေါ့။ ကျွန်တော့်ရဲ့ We Love မိသားစုတွေအတွက် အများကြီး ကြိုးစားသွားပါမယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၄ ရက်နေ့က Shwe FM ဂီတ ဆုပေးပွဲကြီးမှာ ဖြေဆိုခဲ့တာပါ။

ဖြိုးမြတ်အောင်ဟာ ဂီတကို ဝါသနာပါလွန်းသူဖြစ်တာကြောင့် Myanmar Idol မပြိုင်ခင်ကတည်းက အပြင်မှာ သီချင်းတွေ သီဆိုခဲ့ဖူးတာ တွေ့ရပါတယ်။ ဂီတလမ်းကြောင်းပေါ်ကိုတော့ အသက် ၁၄ နှစ်သားကတည်းက လျှောက်လှမ်းလာခဲ့တာပါတဲ့။

‘’သီချင်းဆိုတဲ့ လောကထဲကို ရောက်လာတာတော့ မနှစ်က Myanmar idol ဝင်ပြိုင်လို့ သိကြတယ်ပေါ့။ ကျွန်တော် ဂီတလောကထဲကို စတင်လျှောက်လှမ်းလာတာကတော့ အသက် ၁၄ နှစ်သားကတည်းကပေါ့နော်။ ၁၀ စုနှစ်ကျော်ပြီပေါ့။ အခု ဒီဆု ရလာပြီဖြစ်တဲ့အတွက် အရမ်းပျော်ပါတယ်’’ လို့ ဆိုပါတယ်။

အဲဒီနောက် သူ့ဘဝရဲ့ မှတ်တိုင်တစ်ခုဖြစ်စေခဲ့တဲ့ ‘’သင့်အတွက် မနက်ဖြန်’’ ဆိုတဲ့ သီချင်းကို ရေးပေးခဲ့တဲ့ တေးရေးဆရာ ဝေကြီးကိုလည်း ကျေးဇူးတင်စကားတွေ ပြောခဲ့ပါသေးတယ်။

‘’ ဆုရခဲ့တဲ့ သီချင်းက ခွန်အားဖြစ်စေမယ့် သီချင်းဆိုတော့ အတိုင်းမသိကို ဝမ်းသာပျော်ရွှင်မိပါတယ်။ တေးရေး ကိုဝေကြီးကိုလည်း ကျေးဇူူးတင်ပါတယ်။ နောက်ထပ် အသည်းကွဲသီချင်းတွေ၊ စိတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေ အများကြီး ဖန်တီးနိုင်ပါစေလို့လည်း ကျွန်တော် ပြောချင်ပါသေးတယ်’’ လို့ ဆိုပါတယ်။

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က