ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ " မေ" ကတော့ သူမရဲ့ မွေးနေ့အလှူလေးကို We Love Yangon ကနေတဆင့် ကုသိုလ်ယူခဲ့တာကို တွေ့ရပါတယ်။
Photo: We Love Yangon
သရုပ်ဆောင်၊ အဆိုတော် " မေ" ကတော့ မေလ ၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့ အမှတ်တရ အဖြစ် We Love Yangon မှာ အလှူလုပ်ခဲ့တယ်လို့ သိရပါတယ်။ မေ ရဲ့ အလှူအတွက် We Love Yangon အဖွဲ့သားတွေက ကျေးဇူးတင်စကား အခုလို ပြောပြလာပါတယ်။
"အမေ ဒေါ်သန်းမြင့်အောင် (ဥက္ကဌ) အဖြစ်ဆောင်ရွက်ကာ ရန်ကုန်မြို့အား ချစ်မြတ်နိုးပြီးသန့်ရှင်းသာယာလှပစေလိုသူ ပရဟိတအဖွဲ့များ စုဖွဲ့ထားသော WeLoveYGN အဖွဲ့သို့ ယခုဖြစ်ပွားလျှက်ရှိသော Covid-19 ကာကွယ် တိုက်ဖျက်ရေးအတွက် လိုအပ်သည်များတွင် အသုံးပြု ကူညီနိုင်ရန်အတွက် အနုပညာရှင် မေမှ.....၀၂-၀၅-၂၀၂၀ တွင်ကျရောက်သောမွေးနေ့မင်္ဂလာအလှူ အဖြစ် အလှူတော် ငွေ၅၀၀,၀၀၀/-(ငါးသိန်း)ကျပ်တိတိကိုပေးပို့ လှူဒါန်းခြင်းအား ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံရရှိခဲ့ပါသည်" ဆိုပြီးတော့ မေလ ၂ ရက်နေ့ မနက် ၁၀ နာရီကျော်က We Love Yangon ရဲ့ Facebook Page မှာ ရေးသားခဲ့ပါတယ်။
Photo: We Love Yangon
အနုပညာရှင်တော်တော်များများကလည်း We Love Yangon နဲ့ ပူးပေါင်းပြီး အလှူအတန်းတွေသာမက လုပ်အား အလှူပါ ပါဝင်နေကြတာကို တွေ့ရပါတယ်။ COVID-19 ကာလမှာလည်း စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရတဲ့ နေရာတွေကို အနုပညာရှင်တွေက We Love Yangon ကနေတဆင့် အလှူအတန်းတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
"ယခုကဲ့သို့ Quarantine Center များ တိုးချဲ့ပြီး COVID - 19 အား နယ်ပယ်ဒေသအသီးသီးမှတတ်စွမ်းသမျှ ခုခံတိုက်ဖျက်နေသော ကာလတွင် လိုအပ်နေသည်များကို လှူဒါန်းကြပါသော အလှူရှင်၊စေတနာ့ရှင်အပေါင်းကိုယ်၊စိတ်နှစ်ပါး ကျန်းမာ၊ချမ်းသာ၊ရွှင်လန်းကြပါစေကြောင်းနှင့် မြန်မာတစ်နိုင်ငံလုံး ကျန်းမာ ဘေးကင်းပြီး အောင်မြင်ကြပါစေကြောင်း၊တကမ္ဘာလုံးလည်းcovid-19 အခက်အခဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ကြပါစေကြောင်း We ❤️ Yangon အဖွဲ့သားများမှ လေးစားစွာ ဆုတောင်းမေတ္တာပို့သ အပ်ပါသည်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။
Photo: May
မေ ကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ယောက်အဖြစ် စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့သူဖြစ်သလို တီဗီကြော်ငြာတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ သရုပ်ဆောင်လုပ်တာ ကြာလာတဲ့အချိန်မှာတော့ သူမက ဂီတလောကထဲက ဝင်ရောက်လာခဲ့ပါတယ်။ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ "Marry Me" ဆိုတဲ့ သီချင်းကိုတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Single Song လေးတွေ ထွက်ရှိလာတာ တွေ့ရပါတယ်။