ဒီကနေ့ ဧပြီလ (၁၈)ရက်နေ့က Covid-19 အတည်ပြုလူနာတစ်ဦး သေဆုံးခဲ့ပြီး လူနာသစ် (၆)ဦးထပ်တိုးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မနက်(၈)နာရီမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ လူနာက ဧပြီလ(၁၇)နေ့ညက အတည်ပြုခဲ့တဲ့ လူနာ (၃)ဦးထဲက ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါအခံရှိတဲ့ အသက်(၇၈)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဒီကနေ့ မနက် ဝေဘာဂီဆေးရုံမှာပဲ ဆေးကုသမှုခံယူနေစဉ် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှုလမ်းကြောင်းပျက်စီးခြင်းနှင့် ရောဂါအခံတို့ကြောင့် သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အဆိုပါလူနာဟာ ဧပြီလ (၁၃)ရက်နေ့က ရောဂါလက္ခဏာများခံစားခဲ့ရတာကြောင့် (၁၅)ရက်နေ့ကစလို့ အင်းစိန်ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူခဲ့တာဖြစ်ပါတယ်။
ဧပြီလ(၁၇)ရက်နေ့ညကပဲ ရောဂါရှိကြောင်းအတည်ပြုခဲ့ဲပြီးနောက် ဝေဘာဂီဆေးရုံကို ပြောင်းရွှေ့ကုသပေးခဲ့ပြီး ဒီကနေ့မနက်အစော (၂း၅၅)မိနစ်အချိန်မှာ သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။
ဝေဘာဂီဆေးရုံမှာ ကုသပေးနေတဲ့ လူနာတွေအနက် (၃)ဦးကိုလည်း အထူးကြပ်မတ်ဆောင်မှာ ကုသပေးလျှက်ရှိနေတယ်လို့ သိရပါတယ်။
ယနေ့ ထပ်တိုးလူနာ(၆)ဦးရဲ့ နေရပ်တွေကိုတော့ မသိရသေးဘဲ ဧပြီလ (၁၇)ရက်နေ့ညက ကျန်ရှိတဲ့ (၂၈၅)ဦးရဲ့ ဓာတ်ခွဲအဖြေကို စစ်ဆေးရာမှာ (၆)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ Covid 19 အတည်ပြုလူနာ (၉၄)ဦးရှိသွားပြီး သေဆုံးသူ (၅)ဦးနဲ့ ပြန်လည်ကောင်းမွန်လာသူ (၅)ဦးရှိနေပြီဖြစ်ပါတယ်။