တရုတ်နိုင်ငံမှာ တောင်းရမ်းစားသောက်သူ အဘွားအိုတစ်ဦးက ငွေသားမပါရှိဘူးလို့ ပြောလာသူတွေကို WeChat Pay ငွေလွှဲစနစ်ကနေ ငွေလွှဲပေးနိုင်တယ်လို့ သူမရဲ့ QR code အမှတ်အသား ပြသတောင်းရမ်းနေကြောင်း Facebook ပို့စ်တစ်ခု ပျံ့နှံ့နေပါတယ်။
(Photo: Fazil Irwan/Facebook)
အဆိုပါ Facebook ပို့စ်ကို နိုဝင်ဘာ ၂၇ ရက်နေ့က Fazil Irwan အကောင့်ပိုင်ရှင်က တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဘေဂျင်းမြို့ လမ်းမတွေပေါ်မှာ လိုက်လံတောင်းရမ်းနေတဲ့ အဘွားအိုတစ်ဦးက ငွေသားမပါရှိကြောင်း ပြောလာသူတွေကို သူမရဲ့ WeChat Pay ငွေလွှဲအကောင့် QR code အမှတ်အသားပါ စာရွက်အပိုင်းကိုပြသပြီး WeCha Pay ကနေ ငွေလွှဲပေးနိုင်ကြောင်း ပြောခဲ့တယ်လို့ Fazil Irwan ရဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
(Photo: Tencent)
Fazil Irwan နဲ့ မိတ်ဆွေတွေက ဘေဂျင်းမြို့မှာ နိုဝင်ဘာ ၂၇ ရက် ညပိုင်းက ညစာထွက်စားကြစဥ် QR code ပြသပြီး တောင်းရမ်းသူအဘွားအိုနဲ့ ဆုံခဲ့ကြတယ်လို့ ဆိုပါယ်။ အဘွားအိုက တောင်းရမ်းခဲ့စဥ် ၎င်းတို့ထဲမှ အမျိုးသမီးတစ်ဦးက ငွေသားမပါဘူးလို့ ပြောခဲ့ရာမှာ အဘွားအိုက "ရပါတယ်၊ WeChat ကနေ ပေးနိုင်ပါတယ်" လို့ပြောရင်း သူမရဲ့ WeChat Pay အကောင့် QR code ကို ထုတ်ပြခဲ့တယ်လို့ Fazil Irwan က ရေးသားထားပါတယ်။ Fazil Irwan ရဲ့ အဆိုပါ Facebook ပို့စ်ကို မြင်တွေ့ရသူတွေက အံ့အားသင့်ကြပြီး ပြန်လည်မျှဝေမှု ၁၇,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ထိုပို့စ်အောက်မှာ ဆွေးနွေးပြောထားကြတဲ့ comment အရေအတွက်ကလည်း ၂,၅၀၀ ကျော်အထိ ရှိခဲ့တာတွေ့ရပါတယ်။
(Photo: Fazil Irwan/Facebook)
တရုတ်အခြေစိုက် WeChat မိုဘိုင်းအက်ပလီကေးရှင်းကို ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ လစဥ် အသုံးပြုနေသူ ၁ ဘီလီယံကျော် ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ နာမည်ကြီး တရုတ်နည်းပညာကုမ္ပဏီ Tencent က ဖန်တီးခဲ့တဲ့ WeChat အက်ပလီကေးရှင်းဖြင့် မက်ဆေ့ချ်၊ ဆိုရှယ်မီဒီယာနဲ့ မိုဘိုင်းငွေပေးချေမှုတွေ လုပ်ဆောင်နိုင်ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လအထိ စာရင်းတွေအရ WeChat Pay စနစ်ကို အသုံးပြုနေသူ သန်း ၃၀၀ ရှိကြောင်း သိရပါတယ်။
Source: Fazil Irwan/Facebook, Says.com, Wikipedia