တန်ဖိုးကြီး ဂျာမန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Montblanc ဟာ Wear OS 3 သုံး ဒုတိယမြောက် စမတ်နာရီ ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ Google ရဲ့ Wear OS 3 သစ်ကို Samsung Galaxy Watch 4 မှာ အစောဆုံး သုံးခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်အထိလည်း Samsung ထုတ် စမတ်နာရီမှာပဲ သုံးနိုင်တာပါ။ စိတ်ဝင်စားဖို့ကောင်းတာက Montblanc က Samsung လို One UI Skin မပါဘဲ Google Wear OS 3.0 နဲ့ ပထမဆုံး ထွက်လာတာ ဖြစ်ပါတယ်။
Luxury Brand ဖြစ်တဲ့ Montblanc ရဲ့ ထုံးစံအတိုင်း Summit 3 ကလည်း ဈေးအတော်လေး မြောက်ပါတယ်။ ဈေးမြောက်ပေမယ့် နာရီရဲ့ နည်းပညာအချက်အလက်အသေးစိတ်တောင် ကုမ္ပဏီဘက်က ထုတ်ပြန်ခြင်း မရှိပါဘူး။ သတင်းတွေမှာတော့ Montblanc Summit 3 ဟာ Snapdragon Wear 4100+ Chipset သုံးမယ်လို့ ပြောနေကြပါတယ်။ တိုက်တေနီယမ် ကိုယ်ထည် နာရီအိုးအဝိုင်းကိုမှ လက်ပတ်ကြိုးကို လယ်သာ ၊ ရာဘာကြိုးဆိုပြီး ရွေးချယ်နိုင်မှာပါ။
မီးခိုးရောင် နာရီအိုးဟာ အနက်ရောင်နွားကလေးသားရေ ဗားရှင်း ၊ အနက်ရောင်ရာဘာလက်ပတ်ဗားရှင်ဆိုပြီး နှစ်မျိုး ထွက်ထားပါတယ်။ နှစ်ရောင်စပ် Bi-Color အိုးဒီဇိုင်းအတွက် ဗြိတိန်အစိမ်းရောင်နွားကလေး သားရေ ဒါမှမဟုတ် အနက်ရောင်ရာဘာကြိုး တစ်ခုခုကို ရွေးချယ်နိုင်ပါတယ်။ ဘက်ထရီအားခံမှုအကြောင်း မသိရပေမယ့် အရင် Summit 2 မော်ဒယ်ဟာ အချိန်နာရီပဲ ကြည့်တဲ့ Time Only Mode မှာ ၄-၅ ရက် အားခံပါတယ်။
ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ Features တွေအနေနဲ့လည်း အားကစားနဲ့ ကျန်းမာရေးအကြောင်း ခြေရာခံမှုတွေ ပါဝင်ဖို့ ရှိပါတယ်။ Montblanc Summit 3 မှာ သွေးတွင်းအောက်ဆီဂျင်တိုင်း Sensor နဲ့ အိပ်စက်မှုပုံစံအမျိုးမျိုးကို စောင့်ကြည့်နိုင်တဲ့ နည်းပညာတို့ ထည့်သွင်းထားပါတယ်။ ငွေပေးချေတာကိုလည်း နာရီမှာ ပါတဲ့ Google Pay ကနေ ပေးချေနိုင်အောင် စီစဉ်ထားပါတယ်။
Summit 3 ကို ဇူလိုင် ၁၅ ရက်နေ့ တစ်ကမ္ဘာလုံးကို ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ ဈေးနှုန်း ဒေါ်လာ ၁၂၉၀ (မြန်မာငွေ သိန်းအစိတ်ကျော်) ဖြစ်လို့ အရင်ထွက်ခဲ့တဲ့ ၁၀၉၅ ဒေါ်လာတန် Montblanc Summit 2 တိုက်တေနီယမ်အိုးထက် ဈေးအတော်မြောက်နေတယ်လို့ ပြောရမှာပါ။