အဆာပြေစာလို့ အများကသိကြတဲ့ သွားရည်စာတွေကို အများဆုံးစားတတ်ကြတာ မိန်းကလေးတွေပါ။ အမြဲလိုလို တသွတ်သွတ်စားတတ်ပေမယ့် ကိုယ်အလေးချိန် တက်လာကြမှာကိုတော့ သေမလောက် ကြောက်တတ်ကြပါသေးတယ်။ ဒီလို မဒီတို့အတွက် အစာလည်းစားရပြီး ကျန်းမာရေးအတွက်လည်း ကောင်းသလို ကိုယ်အလေးချိန်လည်း ကျစေနိုင်တဲ့ အဆာပြေစာတွေကို ဝေမျှပေးချင်ပါတယ်။
ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေမယ့် အစာတွေ လျှောက်စားနေမယ့်အစား ဒီလို အစားအစာတွေကို ရွေးချယ်စားသောက်ဖို့ လိုအပ်ပါတယ်။
၁။အခွံမာသီးတွေ
shawsimpleswaps.com
အခွံမာသီးတွေဖြစ်ကြတဲ့ သီဟိုဠ်စေ့ ၊ ဗာဒံစေ့ ၊ သစ်ချသီး ၊ သစ်ကြားသီး၊ သစ်အယ်သီး စတာတွေကို မကြိုက်နှစ်သက်တဲ့ မိန်းကလေးဆိုတာ ရှားမယ်ထင်ပါတယ်။ အခွံမာသီးတွေဟာ အာဟာရဓာတ်ပြည့်စုံတဲ့ အဆာပြေစာတွေဖြစ်ပါတယ်။အခွံမာသီးများ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အဆီဓာတ် ၊ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်တာကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးပြီး ကင်ဆာအချို့ နဲ့ စိတ်ကျရောဂါဖြစ်ပွားမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အဆီဓာတ်ပါဝင်မှုမြင့်မားပေမယ့်လည်း လေ့လာမှုတွေအရ အခွံမာသီးတွေကို သင့်တင့်မျှတရုံစားသုံးပေးခြင်းဟာ ကိုယ်အလေးချိန်ကို လျော့ကျစေတယ်လို့ ဆိုပါတယ်။
၂။ဒိန်ချဉ်
ဒုတိယအဆာပြေစာကတော့ ဒိန်ချဉ်ဖြစ်ပါတယ်။ ဒိန်ချဉ်ဟာ အသားအရေကော ဆံကေသာကိုပါ လှပကောင်းမွန်စေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒိန်ချဉ်ကို ပုံမှန်သောက်သုံးသွားမယ်ဆိုရင် အသားအရေကို စိုပြည်စေပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။ အစာစားချင်စိတ်ကိုလည်း ပြေပျောက်စေနိုင်တဲ့အတွက် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေနိုင်တဲ့ အဆာပြေစာတစ်မျိုးပါ။ ဒါ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း၊ အရိုး နဲ့ သွားတွေကို ခိုင်မာစေခြင်း ၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်းနဲ့ ရောင်ယမ်းမှုတွေကို သက်သာစေတဲ့ အကျိုးတွေကိုပါ ရရှိစေနိုင်ပါတယ်။
၃။ပန်းသီး
depositphotos.com
ပန်းသီးဟာ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်တဲ့ အဆာပြေစာတစ်မျိုးဖြစ်ပါတယ်။ အမျှင်ဓာတ်ပြည့်ဝစွာပါဝင်တဲ့ ပန်းသီးဟာ ဗီတာမင် A ၊ B1၊ B2 နဲ့ C တို့ကြွယ်ဝစွာပါ၀င်တဲ့အပြင် သတ္တုဓာတ်များဖြစ်တဲ့ အိုင်အိုဒင်း၊ ဖော့စဖောရပ်၊သံဓာတ် နဲ့ ကယ်ဆီယမ်ဓာတ်တွေလည်း ပါ၀င်ပါတယ်။ မိန်းကလေးတွေ အနှစ်သက်ဆုံးတစ်ချက်ကတော့ ကိုယ်အလေးချိန် ကျစေတာပဲ ဖြစ်ပါတယ်။
၄။Dark Chocolate လို့ခေါ်တဲ့ အနက်ရောင်ချောကလက်
အဆီများပြီး အချိုဓာတ်လွန်ကဲတဲ့ ချောကလက်တွေကတော့ ကျန်းမာရေးနဲ့ မညီညွတ်ပေမယ့် Dark Chocolate လို့ခေါ်တဲ့ အနက်ရောင်ချောကလက်တွေကတော့ ကျန်းမာရေးကို အများကြီး အထောက်အကူပေးပါတယ်။ အနက်ရောင်ချောကလက်တွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သက်စောင့်ဓာတ်တွေ များစွာပါဝင်ပြီး ကိုယ်ကျန်းမာရေး နဲ့ စိတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အလှအပဆိုင်ရာမှာလည်း အသားအရေကို စိုပြေချောမွေ့စေပြီး ဆံကေသာကိုလည်း လှပကောင်းမွန်စေပါတယ်။ ကိုယ်အလေးချိန်ထိန်းညှိလိုသူတွေအတွက်လည်း အဆင်ပြေစေတဲ့ အဆာပြေစားစရာတစ်ခုပါ။
၅။ကြက်ဥပြုတ်
ကြက်ဥပြုတ်ကတော့ မစားဖူးသူ မရှိသလောက်ပါပဲနော်။ ဗိုက်ဆာနေချိန် ဘာမှ စားစရာမယ်မယ်ရရ မရှိချိန်မှာ ကြက်ဥပြုတ်ကို ပြုတ်စားလိုက်ကြတာပါပဲ။ ကြက်ဥပြုတ်ဟာလည်း အာဟာရပြည့်ဝပြီး ဝိတ်ကျစေတဲ့ အဆာပြေစာထဲမှာ ပါဝင်ပါတယ်။ ဝိတ်ချနေသူတွေရဲ့ စားစရာတွေထဲမှာ ကြက်ဉပြုတ်ဟာ မပါမဖြစ်ပါနေတာကို သတိထားမိကြမှာပါ။ ကိုယ်အလေးချိန်ကျလိုသူတွေအတွက်ကတော့ ကြက်ဥကို ကျက်နေအောင် ပြုတ်ပြီး မနက်ပိုင်းမှာ စားသုံးပေးဖို့လိုပါတယ်။ တစ်ခုသတိထားဖို့ လိုတာက ကြက်ဥအနှစ်မှာ cholesterol အများအပြားပါတာကြောင့် အနှစ်ကို တစ်လုံးထက် ပိုစားဖို့ မသင့်တော်ပါဘူး။ အကာကိုတော့ ကြိုက်သလောက်စားနိုင်ပါတယ်။
www.onceuponachef.com
၆။ကန်စွန်းဥ
ကျန်းမာရေးနဲ့လည်း ညီညွတ်သလို ဝိတ်ကျစေတဲ့ နောက်ထပ်အဆာပြေစားစရာတစ်မျိုးကတော့ ကန်စွန်းဥပဲ ဖြစ်ပါတယ်။ ကန်စွန်းဥမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေနဲ့ သက်စောင့်ဓာတ်တွေများစွာပါဝင်တဲ့အတွက် မျက်လုံးကျန်းမာရေး ၊ အစာအိမ်ကျန်းမာရေး ၊ နှလုံးကျန်းမာရေး နဲ့ ဦးနှောက်ကျန်းမာရေးတွေကို ကောင်းမွန်စေပါတယ်။ ဆီးချိုရောဂါ နဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပေးပြီး ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။
ဒီအစားအစာ(၆) မျိုးကတော့ အလေးချိန်လည်းကျချင်တယ်၊ အစာမစားဘဲလည်း မနေနိုင်ဘူးဆိုတဲ့ မဒီတို့အတွက် အဆင်ပြေမယ့် အဆာပြေစာ (၆) မျိုးပါ။ တစ်ခုမှာချင်တာက တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း အများကြီး စားပစ်လိုက်တာမျိုးကိုတော့ ရှောင်ကြဉ်ဖို့ လိုပါတယ်။