အာဆင်နယ်အသင်းဟာ ယခုနှစ် မေဂျာလိဂ် ကြယ်စင်စုပွဲစဉ်မှာ ပါဝင်မှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီနဲ့ နောက်ထပ်တစ်ကြိမ် တိုက်ပွဲဝင်သွားရတော့မှာ ဖြစ်ပါတယ်။
ဒီပွဲစဉ်ဟာ အစဉ်အလာအားဖြင့် မေဂျာလိဂ်က ထိပ်တန်းကစားသမားတွေစုဖွဲ့ထားတဲ့အသင်းတွေနဲ့ ဥရောပ သို့မဟုတ် တကမ္ဘာလုံးက ဖိတ်ခေါ်ထားတဲ့ ကလပ်အသင်းတွေကြား ယှဉ်ပြိုင်ကစားရတာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ကစားမယ့် ကစားသမား ၂၃ ဦးစာရင်းကို ပရိသတ်မဲပေးမှု၊ နည်းပြ အမည်စာရင်းတင်သွင်းမှု၊ မေဂျာလိဂ် ကော်မရှင်နာ အမည်စာရင်း တင်သွင်းမှုတွေကနေတဆင့် ရွေးချယ်တာဖြစ်ပါတယ်။
အင်္ဂလိပ်ကလပ်အသင်းအများအပြားဟာ အရင်တုန်းကလည်း ဒီပွဲစဉ်မှာ ပါဝင်ကစားဖို့ ဖိတ်ခေါ်ခြင်းခံခဲ့ရဖူးပြီး ဖူလ်ဟမ်၊ စပါးစ်၊ ဝက်စ်ဟမ်း၊ အဲဗာတန်တီု့အားလုံး တစ်ကြိမ်စီ လာရောက်ကစားခဲ့ဖူးတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးတို့ကလည်း ကြယ်စင်စု ပြိုင်ပွဲမှာ ၂ ကြိမ်စီ ပါဝင်ကစားခဲ့ဖူးပြီး ပရီးမီးယားလိဂ်အပြင်ဘက်ကဆိုရင် ရီးရဲလ်၊ ဘိုင်ယန်၊ ဂျူဗင်တပ်၊ ရိုးမား၊ အက်သလက်တီကိုမက်ဒရစ်၊ ဆဲလ်တစ်တို့လည်း ပါဝင်ကစားခဲ့ကြတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကလည်း ဒီပြိုင်ပွဲမှာ ဒုတိယအကြိမ် ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ၂၀၁၆ ခုနှစ်တုန်းက မေဂျာလိဂ် ကြယ်စင်စုအသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ကြယ်စင်စုပွဲစဉ်ကို လာမယ့် ဇူလိုင် ၁၉ ရက်နေ့ ဝါရှင်တန် ဒီစီက အော်ဒီကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ယခုနှစ်အတွက် မေဂျာလိဂ်ကြယ်စင်စုအသင်းကို မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီက ကိုင်တွယ်သွားမှာဖြစ်တာကြောင့် ဂန်းနားတွေဟာ အဓိကပြိုင်ဘက်ဟောင်းနဲ့ တကျော့ပြန် ရင်ဆိုင်သွားရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။